တရုတ်သစ်ခိုးထုတ်သမား ၁၀၀ ကျော်ကို တရားစွဲဖို့ ခွင့်မပြုသေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီ လဆန်းပိုင်းက စက်ယန္တရားတွေနဲ့ တရားမဝင် သစ်ခိုး ထုတ်လို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတစ်ရာကျော် ကို တရားစွဲဆိုဖို့ ဗဟိုအစိုးရက ခွင့်ပြုမိန့် မပေးသေးကြောင်း ကချင်ပြည်နယ်တရားသူကြီးချုပ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ ပြည် နယ်အစိုးရအဖွဲ့နဲ့ လူထုတွေ့ဆုံပွဲမှာ RFA ရဲ့မေးမြန်းမှု ကို ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာက ဖြေကြားခဲ့ တာပါ။

"တရားရုံးကလည်း အဲ့ဒီတရားခံတွေကို တရားစွဲဆိုခွင့်ပြုမိန့် တောင်းထားတယ်ဆိုမှ ချုပ်ထားပါတယ်၊ နောက်ဒီတရားမဝင် ဝင်ရောက်လာတဲ့ပုဒ်မနဲ့ စွဲဆိုခဲ့တာတော့ အခုစစ်ဆေးဆဲဖြစ်ပါတယ်၊ အဲ့ဒီအခြေအနေရှိပါတယ်၊ စွဲဆိုခွင့်ပြုမိန့်အရောက်သေးလို့ ဆက်လုပ်လို့မရသေးပါဘူး"

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလည်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကိစ္စဟာ အရေးကြီးတဲ့အတွက် ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေကို တင်ပြထားရကြောင်း ပြောပါတယ်။

"အခုလက်ရှိအချိန်မှာတော့ ကျနော်တို့ ဒါတရားရုံးရောက်နေတဲ့အဆင့်ပေါ့၊ ကျန်တဲ့အပိုင်းကတော့ တရားရုံးပဲ၊ ဒါပေမယ့် တစ်ခုရှိတာက ဒါကအရမ်းကို ရှုပ်ထွေးနေတော့ ကျနော်တို့က ဒါတွေက ပြည်ထောင်စုအဆင့်အထိကို ကျနော်တို့ တင်ပြနေရတယ်၊ အဲ့ဒါကြောင့်မို့လို့ အခု တရားရုံးကတော့ လ.ဝ.က အမှုကတော့ စစ်နိုင်ပြီးမှ တခြားအမှုတွေကတော့ ဆက်ပြီးတော့မှ ဒီဟာတွေကိုသာ အတိအကျပြောလို့ မရဘူးဖြစ်နေတာပေါ့၊ အမှုတွေကတော့ သစ်တောကလည်း စွဲတယ်၊ လ.ဝ.က ကလည်းစွဲတယ်၊ ပုဒ်မ ဘာပုဒ်မနဲ့ ကျနော်တို့ကညှိမလဲဆိုတာကို အခုအမြင့်ဆုံးနဲ့ ကျနော်တို့က စွဲနိုင်အောင် ကျနော်တို့က ဆောင်ရွက်ထားပါတယ်"

ဝိုင်းမော်မြို့နယ်အတွင်းက ဝါးရှောင်၊ မန်ဝိန်း၊ ဆဒုံး စတဲ့ဒေသက တောတောင်တွေမှာ တရားမဝင် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက်တစ်ရာကျော်ကို အစိုးရတပ်မတော်စစ်ကြောင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက မူးယစ်ဆေးဝါးအပါအဝင် ယာဉ်စက်ယန္တရားတွေနဲ့အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသားတစ်ရာကျော်ကို မြစ်ကြီးနားအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။