မစ္စတာ Petraeus ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်နဲ့ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုရာမှာ စီအိုင်အေ ညွှန်ကြားရေးမှူး မစ္စတာ Petraeus ဟာ မြန်မာနိုင်ငံကို ကျိန်းသေ သွားရောက်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မိမိကို ဒီနှစ်ကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို သွားရောက်ခိုင်းထားတယ်လို့ မစ္စတာ Petraeus က ထိုင်းအရာရှိတွေကို ပြောခဲ့ကြောင်း ဘန်ကောက်မြို့က အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက နယူးယောက်တိုင်းကို အတည်ပြု ပြောဆိုပါတယ်။ ဘန်ကောက်မြို့ ချူလာလောင်ကွန် တက္ကသိုလ် အမေရိကန် လေ့လာရေး အစီအစဉ် ညွှန်ကြားရေးမှူး မစ္စတာ Robert Fitts ကတော့ စီအိုင်အေ ညွှန်ကြားရေးမှူး မစ္စတာ Petraeus ရဲ့ မြန်မာပြည် ခရီးဟာ နှစ်နိုင်ငံကြား ပိုပြီး အသေးစိတ် ကျကျ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ ပိုပြီး အတွင်းကျကျ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ထူထောင် လာနိုင်စရာရှိကြောင်း သုံးသပ် ပြောဆိုပါတယ်။