အခမ်းအနားမှူး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပြည်သူ့ဂုဏ်ရည်အဖွဲ့ကိုယ်စား သဝဏ်လွှာဖတ်ကြားပြီး ဒီနှစ်အတွက် ရွေးချယ်ခဲ့တဲ့ ဆန်ခါတင် ၅ ဦးရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ မှတ်တမ်း ဗီဒီယိုတွေကို ပြသပြီး ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။
အခမ်းအနားမှာ ဆန်ကာတင်ဆုရခဲ့တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို နိုင်ငံရေး လူမှုရေးနဲ့ စာပေနယ်က လူပုဂ္ဂိုလ်တွေက အဖွဲ့ကိုယ်စား ဆုလက်မှတ် ပေးအပ်ခဲ့ပါတယ်။
NLD လူမှုအထောက်အကူပြု အဖွဲ့ကိုယ်စား ဦးဝင်းထိန်ကို စာရေးဆရာ မောင်မိုးသူက ဆုချီးမြင့်ခဲ့သလို သုခရိပ်မြုံ လူငယ် ပရဟိတဂေဟာ ကိုယ်စား စာရေးဆရာမ စုထားကို ဦးဝင်းတင်က ဆုပေးအပ်ခဲ့ပါတယ်။
သုခဆေးခန်းက ဒေါ်သန်းမြင့်အောင်ကို ရွှေအမြုတေ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ အလုပ်သမားနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ကိုဖိုးဖြူကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကချင်လူမှုရေးလုပ်ဆောင်သူ လဖိုင်နော်မိန်း ကိုယ်စား ကိုဧရာမောင်မောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့က ဆုလက်မှတ်တွေ ပေးအပ်ခဲ့ကြပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့တဲ့ ကချင်တိုင်းရင်းသား လဖိုင်နော်မိန်းဟာ လူမှုရေးလုပ်ငန်းတွေအပြင် Kachin land News သတင်းဌာနရဲ့ သတင်းထောက်ချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို သွားရောက် သတင်းယူနေခဲ့စဉ်မှာ သေနတ်ကျည်ဆံ ထိမှန်တဲ့ဒဏ်ရာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်တော့ဘဲ ဒုက္ခိတဘ၀ ရောက်ခဲ့ရသူ ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံထဲမှာ လူမှုရေးလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုကူညီဖို့အတွက် ၂၀၀၉ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေက ပြည်သူ့ဂုဏ်ရည် အသင်းကို စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ပေးအပ်နေတာ ဖြစ်ပါတယ်။
