စစ်တပ်အခန်းကဏ္ဍ လျော့ချရေး အရပ်ဘက်အဖွဲ့တွေ ဆွေးနွေး

0:00 / 0:00

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စုပေါင်းဖွဲ့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်က ဦးစီးပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာဆွေးနွေး ပွဲကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင် က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့ကြသူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ပါဝင်မှုများနေ တာကို လျော့ချနိုင်ဖို့နဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေ အကြား သဘာဝအရင်းအမြစ်တွေ ခွဲဝေခံစားနိုင်ဖို့ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီးက ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်ရဲ့ပါဝင်မှုကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်ဖို့အရေးကြီး တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

“အရင်ဆုံး ကျနော်တို့ ကွာဟနေတဲ့ကိစ္စက စစ်တပ်သည် တိုင်းပြည်ရဲ့ကျောရိုးမဏ္ဍိုင်ဖြစ်သည်ဆိုတဲ့ အယူအဆကို ညှိနှိုင်းနိုင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် လတ်တလော အခြေအနေမှာ စစ်တပ်ဟာ တိုင်းပြည်ရဲ့နိုင်ငံရေးမှာ တော်တော်ကြီးကြီးမားမား ပါဝင်ပတ်သက်နေတယ်ဆိုတာ မှန်သော်လည်းပဲ ယေဘူယျပြောရရင် ဒါသည်ကာလဒေသရဲ့ လိုအပ်ချက်တစ်ခုအနေနဲ့ပဲ သတ်မှတ်တာမျိုး ညှိနှိုင်းလက်ခံတာမျိုး ဖြစ်သင့်ပြီးတော့ ဒါသည် ကမ္ဘာတည်သရွေ့ အရှည်သဖြင့် ဦးဆောင်ကဏ္ဍမှာ ပါဝင်ရမယ်ဆိုတာတော့ ကျနော်တို့နိုင်ငံဟာ ဘယ်တော့မှ လူလားမြောက်တဲ့နိုင်ငံ မဟုတ်ဘူး၊ စည်းကမ်းထိန်းတစ်ယောက်လိုတယ်လို့ ကိုယ့်နိုင်ငံကိုယ်သိက္ခချတဲ့ အခြေခံမူမျိုးကို ပယ်ဖျက်သင့်ပါတယ်”

အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှာ စာရေးဆရာတွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ ပါဝင်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေပိုမိုနားလည်စေဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြင်ဆင်ရာမှာ ပြည်သူလူထုပိုမိုပါဝင်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ ဦးဆောင်ကျင်းပသူတွေက ပြောကြပါတယ်။

အဲ့ဒီကွန်ရက်ကဦးစီးပြီး အခုလိုဆွေးနွေးပွဲမျိုးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆက်တိုက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။