လုံးခင်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ

0:00 / 0:00

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကံဆီးဟောရွာအနီးမှာ အစိုးရရဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၇ လက်အောက်ခံတပ်တွေနဲ့ ကေ အိုင်အေ တပ်ရင်း ၆ တပ်တို့ မနေ့ညနေကစပြီး ဒီနေ့ အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာသားတွေကို အပြင်မထွက်ဖို့နဲ့ ဘေးကင်းလုံခြုံ တဲ့ နေရာမှာ နေထိုင်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ က နှိုးဆော်ထားတယ်လို့ ဒေသခံရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ၃ နာရီမှာ ကံဆီးဟောမြောက်ဘက်မှာပါ၊ ကြားရသလောက်ကတော့ သူတို့ရှင်းလင်းရေးသွား တဲ့အဖွဲ့တွေ မိုင်းနင်းမိတယ် အဲ့ဒါတော့ ကြားရတယ် ခင်ဗျ၊ ပစ်သံလေးတွေကြားနေရတယ်၊ လက်နက် ကြီးသံတွေ တစ်ချက်နှစ်ချက်ကြားရတယ်၊ လက်နက်ငယ်လေးတွေ တစ်ချက်နှစ်ချက် ကြားရတယ်၊ ရွာမှာ ကလေးတွေလျှောက် မပြေးဖို့ လိုက်ပြောတာတော့ရှိတယ်၊ စိုးရိမ်တာကတော့ ဟိုတစ်ခါလိုဖြစ်မှာကိုပေါ့လေ၊ ရွာသားတွေတော့ ထိန်းရတာပေါ့၊ ရွာထဲမှာ လျှောက်မပြေးဖို့"

မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးကလည်း အစိုးရ တပ်ဘက်က မနေ့က နယ်မြေရှင်း လင်းရေးဆောင်ရွက်ချိန်မှာ ကေအိုင်အေ တပ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။

ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးက အစိုးရတပ်သားတစ်ဦး မနေ့က မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိတဲ့အတွက် မြစ်ကြီး နားစစ်ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်ကို ဖားကန့် မြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်ရင်း ၆ က တပ်သားတွေ ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး အစိုးရနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် ဗော်ဇာဒီး၊ အောင်ဘာလေ၊ ကံဆီးဟော စတဲ့ ကျေးရွာတွေ က ဒေသခံရွာသား တစ်ထောင်လောက်ဟာ နီးစပ်ရာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိ ခိုးကျောင်းတွေမှာ အခုချိန်ထိ ခိုလှုံနေရဆဲဖြစ်ပါတယ်။

KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန် ကို RFA ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။