မနေ့က ညနေ ၅ နာရီလောက်မှာ စစ်အစိုးရတပ် ခလရ (၃၃) နဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ဗဟိုလုံခြုံရေးတပ်တွေ တနာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြပြီး SSA မြောက်ပိုင်း တပ်မဟာ (၁) ဗဟိုဌာနချုပ် အခြေစိုက်တဲ့ ဝန်ဟိုင်းဒေသတဝိုက်ကို စစ်အစိုးရက တပ်အင်အား တိုးချဲ ချထားခဲ့တာလို့ သိရပါတယ်။
မနေ့က မြောက်ပိုင်းတပ်မဟာ (၁) ဗဟိုအခြေစိုက်တဲ့ နေရာအထိ စစ်အစိုးရတပ်တွေက ဝင်ရောက်ခဲ့လို့နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့တာလို့ SSA တောင်ပိုင်း အဖွဲ့က ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။ “တပ်မဟာ (၁) ထိန်းချုပ်ရာ ဒေသ နယ်မြေထဲကို နအဖတပ်တွေက ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြပြီးတော့ ဝင်ဝင်ပြီးတော့ နယ်မြေစိုးမိုးရေးအတွက်ကို လာပေါင်းများပြီလို့ သိရပါတယ်။
အဲဒီတော့ အဲဒီဒေသတဝိုက်မှာ စစ်အင်အားတွေ များတော့ သူတို့ကလည်း ကင်းလှည့်ကြတာပေါ့။ သူတို့ လုံခြုံရေးအရ သူတို့လည်း စစ်ကြောင်းတွေ ဖွဲ့ပြီးတော့ လှည့်ကင်းတွေ လုပ်ရတာကိုး။”
“ဒီမနေ့ကတော့ နအဖ စစ်ကြောင်းတကြောင်းလေ၊ အဲဒီ ဝမ်ဟိုင်း ဗဟိုဌာနချုပ် လုံခြုံရေး အဖွဲ့တွေကို ကျော်ဝင်ပြီးတော့ ဌာနချုပ်နား ဝင်သွားတယ်လို့ ပြောပါတယ်။ ဒီတော့ SSA မြောက်ပိုင်း တပ်မဟာ ဌာနချုပ် လုံခြုံရေး ယူထားတဲ့ တပ်ဖွဲ့တွေနဲ့ တိုးပြီးတော့ တိုက်ပွဲဖြစ်သွားတာပါ။”
မနေ့က မွန်းလွဲ ၁၂ နာရီလောက်မှာလည်း SSA တောင်ပိုင်းတပ်တွေက စစ်အစိုးရ စစ်ယာဉ်တန်းကို လင်းခေးနဲ့ မိုးနဲ ကြား ကားလမ်းမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု ရှိမရှိတော့ မသိရသေးပါဘူး။
SSA မြောက်ပိုင်း တပ်မဟာ (၁) ဟာ ခန့်မှန်းအင်အား သုံးထောင်လောက် ရှိပြီး၊ စစ်အစိုးရက ပြည်သူ့စစ်ဖွဲ့ဖို့ ဖိအားပေးတာကို ငြင်းဆန်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် SSA မြောက်ပိုင်းတပ်တွေ ရှိတဲ့နေရာတွေမှာ စစ်အစိုးရတပ်တွေ အင်အား တိုးချဲ့ချထားလာတာ ဖြစ်ပါတယ်။
