လူမှုရေးလုပ်ငန်းတွေကို ဒေါ်လာ ၁.၂ သန်း ကူညီမယ်

မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှု တချို့ လုပ်လာတာကို အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံအနှံ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁.၂ သန်း ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားပါတယ်။

2011.12.02

နိုင်ငံအနှံ့ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေဒေသမှာ အသေးစား ငွေချေးလုပ်ငန်းတွေ၊ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက် လူမှု အဖွဲ့အစည်းတွေကို အကူအညီတွေ ပေးသွားချင်ကြောင်း၊ ဒါ့အပြင် အာဆီယံတို့ East-West ဌာနတို့နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်စာ သင်ကြားသူတွေ အချင်းချင်း အတွေ့အကြုံ ဖလှယ်မှု လုပ်ငန်းတွေလည်း မြန်မာနိုင်ငံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့သူတွေ၊ အထူးသဖြင့် မြေမြှုပ်မိုင်းဒဏ် ခံရတဲ့သူတွေ အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကူအညီပေးမှာ ဖြစ်ပြီး အမေရိကန် တက္ကသိုလ်နဲ့ အဖွဲ့အစည်းတွေ ကိုလည်း ကျန်းမာရေးနဲ့ တခြား ဘာသာရပ်တွေမှာ မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တွန်းအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ လူမှုုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့တင်ပြချက်နဲ့ အခက်အခဲတွေကို နားထောင်ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။