စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်းတွေကြောင့် မြေယာဆုံးရှုံးသူတွေ ကို လျော်ကြေးပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးရဲ့ အမှုတွေကို ဆားလင်းကြီးမြို့နယ် တရားရုံးက ရုပ်သိမ်းလိုက် ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ အမှုကို ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ ဒီနေ့ ရုံးချိန်းကို သွားရောက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။
"မနေ့က အမိန့်ချဖို့ ချိန်းထားတာလေ၊ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ဥပဒေရုံးကနေပြီးတော့ ဒီအမှုကို သူတို့ပြန်ရုပ်သိမ်းဖို့အတွက် ညွှန်ကြားချက် နှုတ်နဲ့ရပြီးသားပါ၊ တိုင်ဒေသကြီး အစိုးရဝန်ကြီးချုပ်နဲ့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဒါကိုရုပ်သိမ်းမှာ ဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ချိန်းတောင်းတာ၊ သူတို့လက်ထဲ မှာ နှုတ်မိန့်ရောက်ပြီ"
ဦးဆောင်ဆန္ဒပြခဲ့သူ ကိုတင့်အောင်စိုး၊ ကိုမိုးခိုင်ထွန်းနဲ့ ကိုသော်တာထွန်း တို့ကို ဆာလင်းကြီးမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ် ကျေးရွာတွေက ဒေသခံ ၅၀၀ ကျော် လာရောက် အားပေးခဲ့ကြပါတယ်။
စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့တဲ့ ဆားလင်းကြီးမြို့နယ် ကံကုန်း၊ ဂုန်းတော ၊ ဖောင်းကား၊ ရွှေပန်းခိုင်စတဲ့ ကျေးရွာတွေက ဒေသခံတွေက လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဆန္ဒပြတောင်းဆို ခဲ့ကြတာဖြစ်ပါတယ်။
အမှုကိုရုပ်သိမ်းဖို့ အစိုးရအဖွဲ့က နှုတ်နဲ့အကြောင်းကြားထားပြီး ဖြစ်ပေမယ့် တရားဝင်အကြောင်းကြားစာ မရသေး တာကြောင့် ဆားလင်းကြီးမြို့နယ် တရားသူကြီးက တရားစွဲခံထားရသူတွေကို လာမယ့်ဇွန်လ ၁ ရက် နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုခဲ့ပါတယ်။
