ကျောက်မီးသွေးစက်ရုံကို ဘားအံဒေသခံတွေ ကန့်ကွက် လက်မှတ်ရေးထိုး

ကရင်ပြည်နယ် ဘားအံမြို့မှာ အကောင်အထည်ဖော်မယ့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်ကြောင်းလက်မှတ်တွေကို ဘားအံမြို့ နယ် ကျေးရွာ ၁၈ ရွာက ဒေသခံတွေစုပေါင်း ကောက်ယူနေ ပါတယ်။

လယ်ယာမြေနဲ့ တခြားစိုက်ပျိုးမြေတွေ၊ သာသနာ့မြေတွေကို ထိခိုက်မှာ စိုးရိမ်တာကြောင့် အခုလိုဒေသခံတွေ စုပေါင်းကန့်ကွက်တဲ့ လက်မှတ်တွေကောက်ယူ တာဖြစ်တယ်လို့ ဘားအံမြို့၊ ဝတ်ကြီးကျေးရွာအုပ်စု၊ ထုံးတောင်ကျေးရွာဒေသခံ ဦးဆတ်ထူးကပြောပါတယ်။

"လက်မခံတဲ့အကြောင်းအရာက သာသနာ့နယ်မြေလည်း ဖြစ်နိုင်တယ်ပေါ့။ နောက်ပြီးတော့ ဘုရားစေ တီတွေလည်းရှိတယ်။ လယ်ယာမြေတွေ လည်းရှိတယ်။ ရော်ဘာခြံတွေလည်းရှိမယ်။ နောက်ပြီးတော့ တချိန်ချိန်ကြရင် ကျနော်တို့ကို ဘယ်လိုလုပ်မယ် ၊ ဘယ်လိုအာမခံချက်မျိုးမှ မပေးနိုင်မှာလည်းကြောက်တယ်။ ပွင့်ပွင့်လင်းလင်းလည်း မပြောပြဘူး။ သူတို့လာရှင်းပြသွားတာ ကျောက်မီးသွေးက ဘာအန္တရာယ်မှ မရှိဘူးဆိုတဲ့အကြောင်းပဲ ပြောပြသွားတာ"

ကန့်ကွက်ကြောင်း လက်မှတ်တွေကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က စပြီး ဝတ်ကြီးကျေးရွာအုပ်စုနဲ့ ကျုံမသွယ်ကျေးရွာ အုပ်စုမှာရှိတဲ့ ကျေးရွာ ၁၈ ရွာက ဒေသခံတွေရဲ့ လက်မှတ်တွေ စုပေါင်းကောက်ယူ နေတာ ဖြစ်ပါတယ်။

ကောက်ယူရရှိတဲ့လက်မှတ်တွေကို ကရင်ပြည်နယ်အစိုးရထံ တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ ဝတ်ကြီးကျေးရွာနားမှာ မဂ္ဂါဝပ် ၁၂၀၀ ကျော် ထွက်မယ့် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ အတွက် လေ့လာဆန်းစစ်ချက်တွေ လုပ်ဖို့ ပြည်နယ်အစိုးရနဲ့ တိုယိုထိုင်းကုမ္ပဏီတို့ သဘောတူလက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၀၀ ကျော်ကလည်း ကန့်ကွက်ကြောင်း သဘောထား ကြေညာ ချက်တွေ ထုတ်ပြန်ထားပါတယ်။