ကိုကာကိုလာ အချိုရည်စက်ရုံ ဂိုဒေါင် မီးလောင်


2015.09.24
coca-cola-fire-620.jpg ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းထဲမှာရှိတဲ့ ကိုကာကိုလာ ကုန်ကြမ်းပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်မှာ မီးလောင်ထားတဲ့ ကိုကာကိုလာ အချိုရည်ဗူးများကို စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းထဲမှာရှိတဲ့ ကိုကာကိုလာအချိုရည်စက်ရုံရဲ့ ကုန်ကြမ်းပစ္စည်း သိုလှောင်ထားတဲ့ ဂိုဒေါင်ဟာ ဒီနေ့မနက်က ၅နာရီနီးပါးကြာ မီးလောင်ကျွမ်းခဲ့ပြီး သိန်း ၁ထောင်ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာမှာ ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက ဒီစက်ရုံဂိုဒေါင်တစ်ခုလုံးမှာ မီးဘေးကြိုတင်ကာကွယ်မှုအတွက် ပြင်ဆင်ထားတာ အားနည်းတာကို တွေ့ရတယ်လို့ ပြောပါတယ်။

"အဓိကကတော့ ပေါ့ဆမှုကြောင့်ဖြစ်တာပါ၊ အကြောင်းရင်းတော့ ရှာရပါဦးမယ်၊ ဒီစက်ရုံကတံခါးတွေက အသေပိတ်ထားလို့ ကျနော်တို့တောင် မီးသတ်ဖို့ရာ တံခါးတွေ တော်တော်နဲ့ဖွင့်လို့မရတဲ့ အနေအထား ခင်ဗျ၊ တော်တော့်ကို အခိုင်အခန့်လုပ်ထားတယ်၊ အပြင်က ပယောဂကြောင့် ဖြစ်နိုင်စရာမရှိပါဘူး၊ Safety ဖြစ် ဖို့က ဒီစက်ရုံက အများကြီးလိုတာပေါ့၊ ကျနော်တို့ စုံစမ်းကြည့်တာ ဒီစက်ရုံမှာ မီးသတ်ဆေးဘူး ၁ဝ လုံးပဲရှိတယ်၊ ဘယ်သူ့ဆီက ဘယ်လိုခွင့်ပြုချက်တွေနဲ့ ဆောင်ရွက်ထားတယ်ဆိုတာ သူတို့ဆီ စနစ်စကျမေးပြီးတော့မှ ကျနော်တို့က ဆောင်ရွက်ရမှာဖြစ်ပါတယ်"

မီးလောင်မှုကြောင့် ကုန်ကြမ်းပစ္စည်းတန်ဖိုး သိန်း ၁၀၀၀ နဲ့ အဆောက်အဦးတန်ဖိုးပါ တွက်မယ်ဆိုရင် ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၂၅ သိန်းလောက်ဆုံးရှုံးနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ ဘုရင့်နောင်၊ လှိုင်သာယာ စတဲ့ မြို့နယ် ၁ဝ ခုကျော်က မီးသတ်ကား အစီး ၄ဝ ကျော် မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ကျော်နဲ့ ငြိမ်းသတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။