ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှိနာဝပ်နဲ့ လက်ရှိ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Yuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါတို့ မကြာခင်က ဟောင်ကောင်မှာ လှို့ဝှက်တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူဖြစ်အောင် စည်းရုံးထားဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn က ဒီကိစ္စဟာ ထိုင်းနဲ့ မြန်မာဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အတွက် သတိထားပြီးရေးသားဖော်ပြကြဖို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ နခွန်ရပ်ချာဆီးမား (Nakhon Ratchasima) ပြည်နယ်မှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင်ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ်က အခုလိုပြောကြားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ဂ ရက်နေ့က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို အခုပေါက်ကြားခဲ့တဲ့ လှို့ဝှက်တွေ့ဆုံပွဲ အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကကော ဘာများဝေဖန်ပြောဆိုပါသလဲလို့လည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။
ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ်က မြန်မာကာကွယ်ရေးဦးစီးချုပ်က မိမိတို့ ၂ ဦးအကြားမှာ ယခင်ကအတိုင်း ချစ်ခင်ရင်းနှီးမှုရှိကြောင်း၊ ဒီသတင်းကြောင့် မိမိတို့အချင်းချင်း ဆက်ဆံရေးပျက်ပြားရန်မရှိကြောင်းနဲ့ ထိုင်းတပ်မတော်အပေါ်ယုံကြည်ကြောင်း မိမိကိုပြောဆိုပါတယ်လို့ သတင်းထောက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းက တွေ့ဆုံပွဲကို လှို့ဝှက်ဖမ်းယူထားတဲ့အသံဖိုင်မှာ ထိုင်း ဒုတိယကာကွယ်ရေးဝန်ကြီး ယုသာဆပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ယုံကြည်လေးစားမှုကို အရရှိဆုံးလူဖြစ်သလို ထိုင်းနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်တွေဟာ အင်မတန်ရင်းနှီးကြတာဖြစ်တဲ့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်ငန်းတွေကို မိမိတို့ ထိုင်းနိုင်ငံကလိုချင်ရင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် General Thanasak Patimaprakorn ကို ဝန်ကြီးချုပ် ယင်းလတ်က ဆင့်ခေါ်ပြီး ဒီကိစ္စဆောင်ရွက်ဖို့ ပြောလိုက်ရုံမျှသာဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရင် မြန်မာနိုင်ငံကို မိမိတို့ရရှိပြီဖြစ်ကြောင်းစသဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြောကြားခဲ့ပါတယ်။
