ဆန္ဒပြ စက်မှုဇုန်တွေကို သွားရောက်စစ်ဆေးတော့မည်


2013.05.28

အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အဓိကအကြောင်းရင်းတွေကို သိရှိဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ဥပဒေပညာရှင်တွေပါဝင်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး လေ့လာရေးကော်မရှင်က စက်မှုဇုန် ၃ ခုကို မကြာခင် သတင်းပတ်အတွင်း လိုက်လံစစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အလုပ်သမားဥပဒေမှာ ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ကြားမှာ ပဋိပက္ခတွေဖြစ်နေရတဲ့ အခြေအနေတွေကို သွားရောက်လေ့လာပြီး ရရှိလာတဲ့အချက်တွေကို လာမယ့်ပြည်ထောင်စု လွှတ်တော်မှာ တင်ပြသွားမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့နိုင်ငံမှာ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေများလာတယ်၊ အဲလို ပဋိပက္ခတွေများမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ စက်ရုံအလုပ်ရုံလုပ်ငန်းတွေ၊ ပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ ၂ဝ၁၅ နောက်ပိုင်းမှာဖြစ်ပေါ်လာမယ့် ကျနော်တို့နိုင်ငံရဲ့ဈေးကွက်ဟာ ပဋိပက္ခတွေရှိရင် သူများဈေးကွက် ဖြစ်သွားမှာတွေအတွက် ကြိုပြီးကာကွယ်တဲ့အနေနဲ့ အလုပ်ရှင် အလုပ်သမားတွေ အခွင့်အရေးရရှိရေး၊ ပဋိပက္ခတွေမဖြစ်ရေးအတွက် ရည်ရွယ်ပါတယ်၊ ဖြစ်ပေါ်တဲ့အကြောင်းပေါ် မူတည်ပြီးတော့ ဒီဟာကိုဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကိုပေါ့"

ဒီကော်မရှင်ကို ပြီးခဲ့တဲ့ မေလ၂၀ ရက်နေ့က အထူးအစည်းအဝေးတစ်ရပ်အနေနဲ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင် ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးမြတ်ငြိမ်းက ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စက်မှုဇုန်တွေကို စစ်ဆေးနိုင်ဖို့ အဲဒီအဖွဲ့ဝင်တွေကြား အသေးစိတ် ဆွေးနွေးနေကြဆဲဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန် က စက်ရုံ ၁၅ ရုံ၊ လှိုင်သာယာစက်မှုဇုန်က စက်ရုံ ၂၅ ရုံနဲ့ တောင်ဒဂုံစက်မှုဇုန်က စက်ရုံ ၁၀ ရုံတို့ကို စက်မှုလုပ်ငန်းအမျိုးအစား မခွဲခြားပဲ စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။