ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ “လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်” ရဲ့ ရခိုင်ပြည်နယ်အဖွဲ့ခွဲဟာ ရခိုင်ပြည်နယ် မြို့နယ်တချို့က လယ်ယာမြေ သိမ်းဆည်းမှုတွေကို ဒီနေ့ဧပြီလ ၂၆ ရက်နေ့မှာ တတိယအကြိမ်မြောက် စစ်ဆေးမှုတွေ စတင်နေပါတယ်။
ဒီကနေ့ စတင်စစ်ဆေးမှု စတင်တာနဲ့ ပတ်သက်ပြီး အဲဒီကော်မရှင်အဖွဲ့ခွဲမှာ ပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို အခုလို ပြောပါတယ်။
"လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တောနဲ့ စစ်တွေ လေးမြို့နယ်ကို ကျနော်တို့စပြီး စစ်ဆေးသွားမှာဖြစ်ပါတယ်၊ ဒီကနေ့ဆို ကျနော်တို့ ရသေ့တောင်မြို့ကို ရောက်နေပါတယ်၊ မနက်ဖြန်ကစပြီးတော့ လယ်သိမ်းမှုတွေမှာပါတဲ့ နှစ်ဖက်ကာယကံရှင်တွေကို ကျနော်တို့စစ်ဆေးပြီးတော့ ရသေ့တောင်မှာရှိတဲ့ အမှုနှစ်မှုကို စစ်ဆေးပါမယ်"
ကော်မရှင်အဖွဲ့အနေနဲ့ ရသေ့တောင်မြို့နယ်က လယ်ယာမြေအမှု ၂ မှု အပါအဝင် ကျောက်တော်မြို့နယ်က ၁၂ မှု၊ ပေါက်တောမြို့နယ်က ၁၁ မှု နဲ့ စစ်တွေမြို့နယ်က ၄ မှု စုစုပေါင်း လယ်ယာမြေအမှုပေါင်း ၂၉ မှုကို ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။
အဲဒီအမှုတွေတွေထဲမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေအမှုတွေက အများဆုံးလို့ သိရပါတယ်။
ဒီကော်မရှင်အဖွဲ့ခွဲအနေနဲ့ ရခိုင်ပြည်နယ်ထဲက လယ်ယာမြေ သိမ်းဆည်းမှုတွေကို ယခင်က ၂ ကြိမ် စစ်ဆေးခဲ့တဲ့ ရလာဒ်အစီရင်ခံစာ အပိုင်း ၁ နဲ့ ၂ ကို ပြီးခဲ့တဲ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ လွှတ်တော်က အဲဒီအစီရင်ခံစာတွေကို လက်ခံခဲ့ပေမယ့် ဆုံးဖြတ်ချက် တစ်စုံတရာတော့ မရှိသေးဘူးလို့ဆိုပါတယ်။
အခုတစ်ခေါက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကိုလည်း ဗဟိုကော်မရှင်ကတဆင့် လာမယ့်လွှတ်တော်မှာ ဆက်လက်တင်သွင်းသွားဖို့ရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
