ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိဖို့ ကော်မရှင် ကတိပြု

0:00 / 0:00

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ခဲ့တာကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကြိုတင်မဲအပြင် မသမာမှုတွေမရှိဖို့ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Summit Park View ဟိုတယ် မှာပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ဝင် ဒေါ်မြင့်ကြည်က ပြောပါတယ်။

"၂ဝ၁ဝ တုန်းက ကြိုတင်မဲနဲ့ ပတ်သက် ပြီးတော့ ပြဿနာတွေ အများကြီးဖြစ်တယ်ဆိုတာကို လည်း ကျမတို့ခံယူထားတယ်၊ ဒါကြောင့် ၂ဝ၁၅ မှာ ကြိုတင်မဲကို သတ်မှတ်တဲ့ရက်မှာ မဲယူခိုင်းမယ်၊ အဲဒီ့ မဲယူပြီးလို့ရှိရင် မဲရုံမှာကြိုတင်မဲ ဘယ်သူ့ကိုပေးထားတယ်၊ ဘယ်နှစ်စောင်ပေးထားတယ်ဆိုတာ ကျမတို့ ကပ်ပေးမယ်၊ အဲဒီ့အပြင် လေ့လာတဲ့သူတွေကို ကျမတို့လက်ခံထားတယ်၊ ဒီလူတွေအားလုံးက ကြိုတင် မဲပေးတဲ့နေရာမှာ လိုက်ကြည့်ချင်တယ်ဆိုရင်လည်း ကျမတို့ခွင့်ပြုမယ်၊ မဲရုံမှာ စာရင်းကြည့်ချင်တယ်ဆိုရင်လည်း ခွင့်ပြုမယ်၊ ကြိုတင်မဲ မသမာမှု အတတ်နိုင်ဆုံးမဖြစ်အောင် ကျမတို့ဆောင်ရွက်ထားမယ်"

ရွေးကောက်ပွဲကျင်းပချိန် မဲရုံဖွင့်တဲ့နေ့မှာ ကြိုတင်မဲပေးထားသူ အရေအတွက်ကို ထုတ်ပြန်ထားပြီး မဲရုံထဲမှာပဲ မဲရေတွက်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ ၇၁ ခု လာရောက်လျှောက် ထားပြီး၊ နောက်ထပ်လာရောက်လျှောက်ထားမယ့် ပါတီတွေရှိသေးကြောင်း ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။

အဲဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။