လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း ထောက်ခံပွဲနဲ့ အစိုးရရဲ့အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပုသိမ်မြို့က နိုင်ငံရေးပါတီ ၄ ခုကို ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသတိပေးခဲ့ပါတယ်။
ဆူပူလှုပ်ရှားမှုမှာပါဝင်တဲ့ နိုင်ငံရေးပါတီတွေဆိုပြီး ရဲသတင်းတပ်ဖွဲ့က ရွေးကောက်ပွဲကော်မရှင်ကို သတင်းပေးပို့ထားတဲ့အတွက် ခေါ်ယူမေးမြန်းတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး ဥက္ကဌ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
"နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ ၆ အရ ဆူပူလှုံ့ဆော်တဲ့ နိုင်ငံရေးပါတီများဟာ ပါတီဝင်အဖြစ်က ရုပ်သိမ်းလို့ရတယ်ပေါ့လေ၊ အဲ့အချက်ကို ပြန်ပြီးသတိရပေးဖို့ သူတို့ခေါ်ယူပြီး အသိပေးတာလို့ပဲပြောပါတယ်၊ ကျနော်တို့က ဆူပူလှုံ့ဆော်မှု ဘာမှလုပ်ခဲ့တာမဟုတ်တဲ့အတွက် ဒီလိုပြောတာမသင့်တော်ဘူးလို့ ပြန်ပြီးဆွေးနွေး တာ ကော်မရှင်ကလည်း ဒီအချက်ကိုလက်ခံပါတယ်"
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ပုသိမ်မြို့ဘဝအလင်းရောင်စာကြည့်တိုက်မှာ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကျောင်းသားသပိတ်ကိုထောက်ခံကြောင်းနဲ့ အစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲမှုကိုကန့်ကွက်တဲ့ အခမ်းအနားကျင်းပခဲ့ရာ ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ကရင်ပြည်သူ့ပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့က တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီပါတီ ၄ ခုက တိုင်းဥက္ကဌတွေကို ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ခေါ်ယူတေ့ွဆုံခဲ့တာပါ။
အလားတူ ကျောင်းသားသပိတ်ကိုထောက်ခံကြောင်း ကြေညာချက်ထုတ်ခဲ့တဲ့ မွန်အမျိုးသားပါတီကိုလည်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က မနက်ဖြန်မှာ လာရောက်တွေ့ဆုံဖို့ အကြောင်းကြားထားပါတယ်။
