ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောချက် ရွေးကောက် ပွဲကော်မရှင် သတိပေး


2014.05.26
dassk-mandalay-305 မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ မေလ ၁၈ ရက်နေ့က ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဟောပြောနေစဉ်
Photo: Myo Zaw Ko, Kyaw Htoon Naing / RFA

မေလ ၁၈ ရက်နေ့ မန္တလေးတိုင်းဒေသကြီး အောင်ပင် လယ်ကွင်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်ဟောပြောစဉ် တပ်မတော် သားတွေအနေ နဲ့လည်း ပူးပေါင်းပါဝင်ကြဖို့နဲ့ ပြောဆို မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထား တဲ့ဘောင်ကို ကျော်လွန် ရာရောက်နေကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူ ပြီး မေလ ၂၂ ရက်နေ့ နေ့စွဲနဲ့ အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ အဲဒီလို လုပ်ပိုင်ခွင့်မရှိသလို ကော်မရှင်ရဲ့ အကြောင်းကြားစာ ဟာလည်း  စွပ်စွဲချက်သာဖြစ်ကြောင်း အဲဒီ အကြောင်း ကြားစာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်  ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

"ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဘောင်ကျော်တယ်လို့ စွပ်စွဲချက်ပဲ၊ အဲဒီလို ဘောင်ကျော်တယ်လို့ ပြောတာဟာ ကော်မရှင်မှာလုပ်ပိုင်ခွင့် မရှိပါဘူး၊ ဒီဥစ္စာဟာ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးရဲ့အလုပ်ပါ"

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတဲ့ သတိပေးအကြောင်းကြားစာနဲ့ ပတ်သက်ပြီး ပြန် လည်တုန့်ပြန့်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအနေနဲ့  ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းကနေဆောင်ရွက်ဖို့ အခုလို တိုက်တွန်းပြောကြားခဲ့ပါတယ်။

"ကျမတို့ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်လိုက်ပါ၊ ရင်ဆိုင်ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြည်သူ လူထုအတွက် အကောင်းဆုံးဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက လွှတ်တော်အတွင်း ကနေပြီးတော့ ကျုပ်တို့တွေပြင်ဆင်သွားမယ်၊ ကျုပ်တို့တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာ မက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်၊ တနည်း အားဖြင့်ပြောရရင် စိန်ခေါ်မှုတစ်ခုလို့လည်းပြောလို့ရပါတယ်၊ ကျမစိန်ခေါ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ လက်မှတ်ရေးထိုးထားသူဖြစ်တဲ့ အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ထိန်းလိုက်နာ ပါမယ်လို့ ကတိသစ္စာပြုထားသူလည်းဖြစ်တယ်လို့ ကော်မရှင်ရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရေးကောက်ပွဲကော်မရှင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။