အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲခံထားရတဲ့ အရာရှိတွေကို မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ CID က တရားလိုပြုလုပ် စွဲဆိုထားတာဖြစ်ပြီး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဥတ္တရသီရိမြို့နယ် ရဲစခန်းတာဝန်ကျ ရဲအရာရှိတစ်ဦးက RFA ကို အခုလို ပြောကြားပါတယ်။
"ဦးသိန်းဦး ပါ တစ်အပေါင်း ရှစ်ဗျ၊ (ပ)/၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နိုင်ငံတော်ပိုင် ငွေကြေးအလွဲသုံးစားလုပ်တာဗျ၊ မှုခင်းတပ်ဖွဲ့က ကျွန်တော်တို့အပိုင်ဆိုတော့ ကျွန်တော်တို့စခန်းမှာ လာဖွင့်တာဗျ၊ အဲဒါပဲ စခန်းမှာ ဖွင့်ထားသေးတယ်ဗျ"
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုနဲ့ တရုတ်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Huawei၊ ZTE တို့အကြားက မိုဘိုင်းကွန်ရက် တည်ဆောက်ရေးလုပ်ငန်းတွေ၊ ငွေပေးငွေယူရှင်းတမ်း ကိစ္စတွေကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့တွေက စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးတေဇပိုင် Elite Tech ကုမ္ပဏီရဲ့ အကြီးအကဲ ဦးစိုင်းခင်မောင်အေး က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှနုတ်ထွက်ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာ ပြီးတဲ့နောက်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ် စတဲ့ အကြီးတန်းအရာရှိတွေကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။
