ရန်ကုန်တိုင်းဒေသကြီး၊ ၁၄မြို့နယ်နဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ကြေညာထားတဲ့ မဲပေးခွင့်ရှိသူ စာရင်းတွေမှာ နာမည်စာရင်းတွေ မှားယွင်းနေသလို မဲစာရင်းမှာ နာမည်မပါသူတွေ များတယ်လို့ မဲစာရင်းစိစစ်နေတဲ့ အဖဲ့ွတွေထံက သိရပါတယ်။
ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေး သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ဝင် ဒေါက်တာဝေဖြိုးကျော် က ပြောပါတယ်။
"ကျနော်တို့ ကြုံတဲ့ပြဿနာတွေပေါ့နော်၊ ထွက်လာတဲ့ မဲစာရင်းမှာ နာမည်အမှားအယွင်း အရမ်းများနေတဲ့ကိစ္စတွေ ရှိတဲ့အခါမှာ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း အားနည်းတဲ့အတွက်ကြောင့် မို့ ရွေးကောက်ပွဲကော်မရှင်မှာ မဲစာရင်းစိစစ်မှုဟာတွေ ဝိုင်းဝန်းကူညီတဲ့လုပ်ငန်းစဉ်တွေမှာ အခက်အခဲဖြစ် တာလေးတွေ အဲ့ဒါလေးတွေကို တင်ပြဖို့ရှိပါတယ်၊ ပြည်သူတွေဘက်ကလည်း ကိုယ်နဲ့ပတ်သက်တဲ့ အစိုးရ တစ်ခုဖြစ်ဖို့ ကိုယ်မဲပေးချင်တဲ့အစိုးရကို မဲပေးပြီးရွေးချယ်ခွင့်ရဖို့အတွက် မဲစာရင်းမှာပါမှဖြစ်မယ်၊ လူတိုင်းသွားပြီး မဲစာရင်းကိုကြည့်ဖို့အတွက် တိုက်တွန်းချင်တယ်"
မဲစာရင်းတွေမှာ သေဆုံးသူတွေ ပါဝင်နေသလို နာမည်၊ မှတ်ပုံတင်နံပါတ် မှားယွင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်တိုင်းက ၂၅ မြို့နယ်မှာ မဲစာရင်းတွေကို ဒီလ ၂၅ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်မှာ မဲပေးနိုင်သူစာရင်း ထုတ်ပြန်ရာ နာမည်စာရင်း မပါသူ ၄ထောင်ကျော်၊ အချက်အလက်မှားယွင်းသူ ၂ထောင်ကျော်နဲ့ သေဆုံးသူတွေ၊ အသက်မပြည့်သူတွေ ပါဝင်နေတဲ့အတွက် ပြင်ဆင်ပေးရတာတွေ ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်မှာ မဲဆန္ဒပေးနိုင်သူ ၁ဒသမ ၈ သန်းရှိပြီး နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ခြောက်သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က စာရင်းထုတ်ပြန်ထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။