မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ် ချောင်းကြီး ကျေးရွာက ကိုသန်းအေးကို ဒီနေ့မနက်ပိုင်းမှာ တောင်ယာကိုအသွား နယ်ခံရဲတပ်ဖွဲ့က ဖမ်းသွားတဲ့အကြောင်း ဇနီးဖြစ်သူ မလှဝင်းက RFA ကို ပြောပြပါတယ်။ "ကိုသန်းအေးကို ကျေးရွာရဲကင်းမှုးနဲ့ ရဲတပ်သားကြည်နိုင်ဦးတို့ ဦးဆောင်ပြီးတော့ ဖမ်းဝရမ်းလည်း မပါဘဲနဲ့ သပိတ်ကျဉ်း ရဲစခန်းကို အတင်းအားဓမ္မ မတရားခြိမ်းခြောက်ပြီးတော့ပေါ့။ ဖမ်းခေါ်သွားတာ။ ဒီချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်ဆန်းဦး ကနေပြီးတော့ သူတို့ရဲစခန်းကို အမှုဖွင့်ပြီး လာတိုင်တယ်လို့ ပြောတဲ့အခါကျတော့ ဘာ့ကြောင့်ဖမ်းရတာလဲလို့ မေးတဲ့အခါကျတော့ ရွာသူရွာသားတွေကို ကျမအမျိုးသား ကိုသန်းအေးက ဦးဆောင်ပြီးတော့ တိုင်ကြားပေးတဲ့အတွက် အဲဒီလိုမတိုင်ကြားနိုင်အောင် သူ့ကို ခြေချုပ်လုပ်ပြီးတော့ ဖမ်းတယ်လို့ ပြောတာပဲ။" ၂၀၀၇ ခုနှစ်က သပိတ်ကျင်းမြို့နယ် အတွင်းရှိ လယ်ယာမြေတွေကို မြို့နယ်ဥက္ကဋ္ဌက သိမ်းယူပြီး ရွှေတူးဖေါ်တဲ့အခါ လူသေတာ၊ အိမ်တွေ ပြိုကျသွားတာတွေနဲ့ ပတ်သက်လို့ မကျေနပ်တဲ့ အတွက် သူ့အနေနဲ့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ မလှဝင်းက ဆက်ပြောပြပါတယ်။ ကိုသန်းအေးကို မဖမ်းခင် မြို့နယ်ဥက္ကဋ္ဌက ဒီကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးမယ့် အကြောင်း ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၀၇ ခုနှစ်ကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့သလို အခု သမ္မတဦးသိန်းစိန် လက်ထက်မှာလည်း ဒီကိစ္စရပ်တွေကို ထပ်မံတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
