ချင်းပြည်နယ်မှာ ကွန်ပျူတာတွေ တပ်ဆင်

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနောက်အကျဆုံးဖြစ်တဲ့ ချင်းပြည်နယ်အတွင်း ဒိန်းမတ်အစိုးရရဲ့ အကူအညီနဲ့ ချင်းအမျိုးသားတပ်ဦး CNF က ကွန်ပျူတာတွေ စတင်တပ်ဆင်နေပြီလို့ သိရပါတယ်။

ချင်းပြည်နယ်က ကျောင်းသား၊ ကျောင်းသူတွေ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်မယ်လို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ထည့်သွင်းချုပ်ဆိုခဲ့တဲ့အတွက် ဆောင်ရွက်နိုင်တာဖြစ်ပြီး၊ မြို့နယ် ၅ ခုက အထက်တန်းကျောင်း ၅ ကျောင်းမှာ ကွန်ပျူတာတွေ တပ်ဆင်ပေးနေတာလို့ CNF ဆက်ဆံရေးရုံးတာဝန်ခံ ပူးရာလ်နှင်က RFA ကို ပြောပါတယ်။

"အိုင်တီခေတ်နဲ့အညီ ကွန်ပျူတာနဲ့ အကျွမ်းတဝင်ဖြစ်ဖို့ နော်၊ အဲဒါတော်တော်လည်း အရေးကြီးတယ်လို့ ယူဆလို့ ကျနော်တို့တပ်ဆင်ပေးတာ၊ ဒါပေမယ့် ချင်းပြည်နယ်တစ်ခုလုံးမပေးသေးဘူး၊ အဓိကအားဖြင့် တွန်းဇံ၊ တီးတိန် အထက ၁၊ ၂၊ ဖလမ်း အထက ၁၊၂၊ ဟားခါး အထက ၁၊ ၂၊ ၃၊ ထန်တလန် အထက အဲဒါပဲ ပေးသေးတယ်' '

ပထမသုတ်အနေနဲ့ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့ကအထက်တန်းကျောင်းတွေမှာ တပ်ဆင်ပေးလိုက်ပြီး၊ ဒုတိယသုတ်အနေဖြင့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်က အထက်တန်းကျောင်းတွေမှာ ဆက်လက်တပ်ဆင်သွားမယ်လို့ဆိုပါတယ်။

ဒိန်းမတ်အစိုးရနဲ့ သဘောတူညီချက်အရ အထက်တန်းကျောင်းပေါင်း ၃၀ မှာ ကွန်ပျူတာ ၉၀၃ လုံး၊ ဂြိုဟ်တုစနစ်သုံး အင်တာနက်ဆက်သွယ်စက် ၃၅ လုံး၊ လျပ်စစ်မီးစက်နှင့် ဒိုင်နမိုအလုံး ၃၀ တပ်ဆင်မှာဖြစ်ပါတယ်။ ကွန်ပျူတာတွေတပ်ဆင်ဖို့သစ္စာဦးကုမ္ပဏီက တင်ဒါရထားတယ်လို့ဆိုပါတယ်။