လက်ပံတောင်းမှာ ထိပ်တိုက်တင်းမာမှုတွေ ဆက်လက်ပေါ်ပေါက်

0:00 / 0:00

0:00 / 0:00

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံနေတာကိုဆန့်ကျင်တဲ့ ဆည်တဲရွာခံတွေနဲ့ အာဏာပိုင်တွေ ဒုတိယနေ့အဖြစ် ထိပ်တိုက်ရင်ဆိုင်မူတွေ ဖြစ်ပေါ်လျက်ရှိရာမှာ အာဏာပိုင်တွေကတော့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒီနေ့ဒုတိယနေ့အဖြစ် ဆည်တဲရွာအနီး ခြံစည်းရိုးကာရံတဲ့လုပ်ငန်းကို ဝမ်ပေါင်ကုမ္ပဏီက စက်ယန္တရားကြီးတွေ၊ မြေထိုးစက်ကြီးတွေကို သုံးပြီး ဆောင်ရွက်နေတာကို ဆည်တဲရွာဒေသခံ ၅ဝကျော်လောက်က လုပ်ငန်းတွေရပ်ပေးဖို့ ပြော ဆိုနေတယ်လို့ သိရပါတယ်။ လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ရဲတပ်ဖွဲ့တွေက အကာအကွယ်ပေးထားပြီး ဒေသခံတွေ ကို အကြမ်းဖက်ဖြိုခွင်းမယ့် အခြေအနေရှိတယ်လို့ ဆည်တဲရွာသူ မမာရှည်ကပြောပါတယ်။

“အရှေ့ကဒိုင်းကာတွေနဲ့ တက်လာပြီး အနောက်က လက်နက်တွေနဲ့ လက်နက်အပြည့်အစုံပါလာတာ၊ ဒိုင်းကာသမားတွေက အရှေ့ကတက်တယ်၊ လက်နက်သမားတွေက ဒိုင်းကာသမားတွေရဲ့နောက်မှာ ကပ်ပါလာတာ၊ ၃ ရာကျော်၊ ၄ ရာလောက်ရှိတယ်၊ ဖြိုခွင်းမယ့်ပုံစံမျိုးပေါက်နေတယ်၊ ဒေသခံတွေကတော့ အေးအေးဆေးဆေးနဲ့ လျှော်ကြေးမယူတဲ့ အခင်းတွေအပေါ်မှာ ခြံစည်းရိုးမခတ်ပါနဲ့ ဘူဒိုဇာမမောင်းပါနဲ့လို့ ပြောနေတာ၊ ဒါပေမယ့် သူတို့ကပြောလို့မရဘူး၊ ဇွတ်လုပ်နေတာ၊ ရဲမေတွေကလည်း အများကြီးပဲ”

အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကို မေးမြန်းရာမှာ အကြမ်းဖက်ဖြေရှင်းမှာ မဟုတ်မယ့် ခြံစည်းရိုးကာတဲ့လုပ်ငန်းကို ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ဒေသခံတွေနဲ့ တိုက်ရိုက်တွေ့ဆုံဖြေရှင်းဖို့ မြို့နယ်ကအဖွဲ့တွေကို စေလွှတ်ထားကြောင်း ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ ဖြေရှင်းပေးမယ်ဆိုတဲ့ အဖွဲ့တွေဆိုတာဟာ မုံရွာကနေ ခေါ်ဆောင်လာတဲ့ စွမ်းအားရှင်အဖွဲ့တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ညနေ ၆ နာရီခန့်အထိ ခြံစည်းရိုးကာတဲ့လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရာမှာ ဆည်တဲရွာပတ်ဝန်းကျင်က လယ်မြေဧက၂ဝဝခန့် ခြံစည်းရိုးအတွင်းပိုင်းကို ပါဝင်ရောက်ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းမှာ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ လယ်သမားတွေကို ကူညီနေတဲ့ ကိုဗထူးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အာဏာပိုင်တွေဘက်က ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။