၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘို ခရိုင်၊ ရေဦးမြို့မှာ ထောင်ဂဏန်းလောက်ရှိတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်မင်းက အခုလိုပြောပါတယ်။
"၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဖို့က ၄၃၆ ကိုအရင်ပြင်ပြီးမှ လုပ်လို့ရမယ်ဆိုတာ ဒါရှင်းနေတာပဲလေ၊ လွှတ်တော်တွင်းက ပြင်မယ်ဆိုရင်ဒီ ၄၃၆ အရင်ပြင်မှဖြစ်မယ်၊ ဒါ့ကြောင့် ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်တာ ဒီလို ဆန္ဒဖော်ထုတ်ပွဲလုပ်သလို တဘက်ကလည်း ကျနော်တို့ လူထုလက်မှတ်ရေးထိုး တာ တပြိုင်တည်း လုပ်သွားမယ်"
ဆန္ဒပြသူတွေဟာ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ နိုင်ငံ သားအခွင့်အရေး အပြည့်အ၀ ရရှိရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာ ရေဦး၊ ကန့်ဘလူ၊ ခင်ဦး၊ ဒီပဲယင်း နဲ့ တန့်ဆည် စတဲ့ မြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
