၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း လွှတ်တော်မှာတင်သွင်း

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းကို အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသွားမှာဖြစ်ပြီး အဲဒီ့အတွက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြည်သူ့လွှတ်တော်မှာ အခုလို ထည့်သွင်းတင်ပြခဲ့ပါတယ်။

"ဒီနေ့ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ဆွေးနွေးမှုရလာဒ်များကို ဆက်လက် အကောင်ထည်နိုင်ဖို့ ဥပဒေတစ်ရပ် လိုအပ်ချက် အရ ရေးဆွဲကြခြင်းဖြစ်ပါတယ်၊ ဒီဥပဒေမှာ အခန်း ၁၂ ခန်း ပုဒ်မပေါင်း ၃ဝ ပါရှိပါတယ်၊ ယခုကဲ့သို့ ဥပဒေပြဌာန်းဆောင်ရွက်ထားရှိခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်များကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလာဒ်တွေကို လာမယ့်ရွေးကောက်ပွဲ သက်တမ်းတစ်လျှောက် ပြုပြင်ပြောင်းလဲ ကျင့်သုံးသွားရမှာဖြစ်ပါတယ်"

ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေ တာ ဒီနေ့ဆို ငါးရက်မြောက်ဖြစ်ပြီး လာမယ့်၂၅ ရက်နေ့မှာ အပြီးဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လာမယ့် ၂၀၁၅ မေလထဲမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။