ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း မှာ ဆွေးနွေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်မှာ ဒေသခံ ရာကဏန်းဝန်းကျင်က တနင်္ဂနွေနေ့ က တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ သန်လျင်မြို့မြို့မဈေးအနီး အာဇာနည်ကျောက်တိုင်ကနေ တရားရုံးရှေ့အထိ လမ်းလျှောက်တောင်းဆိုခဲ့ကြတာပါ။ တောင်းဆို ချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ သံလျှင်မြို့က ကိုညီညီက အခုလို ပြောပါတယ်။
"အဓိကရည်ရွယ်ချက်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူကပြင်မယ်ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ပြည်သူရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များ က ပြင်မယ်ဆိုတဲ့အချက်ကို ဆွေးနွေးနိုင်ခွင့် အပြည့်အဝရှိရေးကို ကျနော်တို့က တိုက်တွန်းခြင်းဖြစ် ပါတယ်"
ဒါ့အပြင် ဆန္ဒပြသူတွေက ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၈ကို ဖျက်သိမ်းပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ ''နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်" ဖြစ်တဲ့ ပုဒ်မ ၅၉(ဃ) နဲ့ ၅၉(စ)တွေကို ဖျက်သိမ်းပေးရေးတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
