အခြေခံဥပဒေ ခုံရုံးအဖွဲ့ နုတ်ထွက်ရမည်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ နိုင်ငံတော် သမ္မတထံ တင်ပြမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-08-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
parliament-chair-person-b305
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော်အစည်းအဝေး တက်ရောက်နေစဉ်။
RFA

လွှတ်တော်တွေက ဖွဲ့စည်းခဲ့တဲ့ ကော်မတီတွေရဲ့ အဆင့်ဟာ ပြည်ထောင်စုအဆင့်မဟုတ်ဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် အရေးယူ ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၃၃၁ ဦးက စုပေါင်း လက်မှတ်ရေးထိုး တင်ပြချက်ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူ့လွှတ်တော်ကို၊ လုပ်ငန်းတွေကို၊ ဂုဏ်သိက္ခာကို ထိပါးစေတယ်လို့ ယူဆတဲ့အလျောက် အဲဒီ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၃၁ ဦးက လက်မှတ်ရေးထိုးပြီး တင်ပြ ကန့်ကွက်တဲ့ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဲဒီခုံရုံး တာဝန်ရှိတဲ့ သူတွေကို မမှန်မကန် ပြုလုပ်မှုနဲ့ စွပ်စွဲအရေးယူဖို့ တင်ပြတယ်။ အဲဒါကို ဥက္ကဋ္ဌက ခုံရုံးရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပေးပါလို့ နိုင်ငံတော် သမ္မတဆီကို သဝဏ်လွှာပေးဖို့၊ စာရေးဖို့ပေါ့။ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်အနေနဲ့ စာရေးတင်ပြဖို့ သဘောတူကြတယ်။ လွှတ်တော်ကတော့ အတည်ပြုပေးလိုက်တယ်"

အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်ရန် အဲဒီလို လက်မှတ်ထိုးကြတဲ့ သူတွေထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများအပြားလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ တိုင်းရင်းသား အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးနဲ့ ဒီကနေ့ နေ့လည်စာ အတူသုံးဆောင်ခဲ့ကြောင်း သိရပါတယ်။

လွှတ်တော်က ထမင်းစားဆောင်မှာ တိုင်းရင်းသား အစားအသောက်တွေ အပါအဝင် ကိုယ်တိုင်ချက်ဟင်းတွေနဲ့ မိမိတို့ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီး မဲဆန္ဒနယ်မြေ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေက ပြောပါတယ်။

သတင်းထောက်တွေက လွတ်တော်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်နဲ့ တနင်္ဂနွေနေ့ နောက်ဆုံး တွေ့ဆုံမှုအကြောင်း မေးမြန်းခဲ့ရာမှာ အလွတ်သဘော တွေ့ဆုံမှုသာ ဖြစ်ကြောင်း သမ္မတနဲ့ ဆက်ဆံရေးမှာ အရင်ကထက် တိုးတက်မှု ရှိလာကြောင်း ပြန်လည် ဖြေကြားတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

AUNG

နေရပ်- N/DAGON

I LOVE AMAY SU.

Aug 20, 2012 09:56 AM

win thame

This is good news for today .We love mother and go on.

Aug 15, 2012 11:42 PM