အခြေခံဥပဒေပြင်ရေး မှာ ပြည်သူတွေ ပါဝင် ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေ နဲ့အတူ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် ရုံးတာဝန်ရှိသူတွေနဲ့ ဒီနေ့ ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီ စည်းဝေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူတွေ ပါဝင်လာဖို့ လိုအပ်တယ်လို့ အခုလို ပြောပါတယ်။

" ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက်ဆိုရင် အန်တီတို့ကတော့ တက်နိုင်သမျှ ပြည်သူလူထုနဲ့ တွေ့တာပဲ၊ အဖွဲ့အစည်းတွေကတော့ ကိုယ့်ဘာသာလုပ်လို့ရတယ်၊ ဒါပေမယ့် အများပြည်သူကတော့ ဒီလို ပြည်သူတွေအတွက် တွေ့ဆုံပွဲလုပ်ပေးမှ ပါဝင်နိုင်မှာ၊ အရေးကြီးတာက ပြည်သူလူထုက ပါဝင်ရမယ်၊ အဖွဲ့အစည်းတွေနဲ့ပဲ မပြီးသေးဘူး၊ အဖွဲ့အစည်းတွေက ကိုယ်အစည်းအဝေး ကိုယ်လုပ်ပြီးတော့ ကိုယ့်ဘာသာ ကြေညာချက်တွေ ထုတ်နေကြတာ အဖွဲ့အစည်းတွေ အားလုံး ညီတာတော့ ကောင်းတာပေါ့ ဒါပေမယ့် နိုင်ငံရေးမှာ ဆိုတာဟာ နိုင်ငံရေးပါတီ တစ်ခုနဲ့ တစ်ခုက အမြင်ကတူတာ မဟုတ်ဘူး"

ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးရေးဟာ မိမိရဲ့ သဘောဆန္ဒ သက်သက်မဟုတ်ပဲ တိုင်းပြည်က လိုအပ်နေတာကြောင့် တောင်းဆိုနေတာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီနေ့ တရားဥပဒေ စိုးမိုးရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။