ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်ရေးဆွဲရန် တိုင်းရင်းသားတွေဆွေးနွေး

0:00 / 0:00

တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပင်လုံကဲ့သို ညီလာခံကြီးတရပ်ကျင်းပပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်တခု ရေးဆွဲသင့်ကြောင်း မနေ့က လာရှိုးမြို့မှာ ဆက်လက်ကျင်းပတဲ့ အဖွဲ့အစည်း ပေါင်းစုံတက်ရောက်နေတဲ့ ရှမ်းပြည်နယ် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မူတည်ဆောက်ရေး ဆွေးနွေးပွဲမှာ ဆွေးနွေးသွားပါတယ်။

မနေ့က ဆက်လက်ကျင်းပတဲ့ ညီလာခံဒုတိယနေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရမယ့်အချက်တွေ များပြားတာကြောင့် အသစ်တခု ရေးဆွဲသင့်တယ်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးတာဖြစ်ပါတယ်။

ညီလာခံပြောခွင့်ရ ဦးစိုင်းလိတ်က ခုလိုပြောပါတယ်။

"ပြန်ပြင်မယ်ဆိုတာထက်ကို အသစ်ရေးဆွဲတာကို အားလုံးကပိုပြီးတော့ ဆန္ဒရှိကြပါတယ်၊ ပထမအချက်အနေနဲ့တော့ ယေဘူယျသဘောပြောရရင် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်တဲ့စနစ်မျိုးကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကိုရေးဆွဲဖို့ အားလုံးကဆန္ဒရှိပါတယ်"

သုံးရက်ကြာကျင်းပတဲ့ ညီလာခံမှာ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဝ၊ အင်းသား၊ ဓနု၊ ကိုးကန့်၊ ကယန်း၊ ကယားစတဲ့ လက်နက်ကိုင်နဲ့ လက်နက်ကိုင်ဆောင်ခြင်းမရှိတဲ့ အဖွဲ့ပေါင်း ၂၂ ဖွဲ့ တက်ရောက်နေတာဖြစ်ပါတယ်။

ညီလာခံရဲ့ နောက်ဆုံးနေ့အဖြစ် ဒီကနေ့ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး၊ ဆွေးနွေးပွဲအပြီးမှာ ညီလာခံသုံးရက်အတွင်းရရှိခဲ့တဲ့ သဘောတူညီချက်များကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဦးစိုင်းလိတ်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။