အခြေခံ ဥပဒေ ပြုပြင်ရေး လေ့လာချက် နှစ်မကုန်ခင် လွှတ်တော်ကို တင်ပြမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင် လေ့လာ သုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားမယ်လို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးအေးမောက်က ကော်မတီရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အခုလို လွှတ်တော်မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ်။

"ပူးပေါင်းကော်မတီ၏ လေ့လာချက်များ၊တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခြင်းမရှိရသေးမှီ အပြင်သို့ ပေါက်ကြားခြင်းမရှိစေရန် လျို့ဝှက်အဆင့်သတ်မှတ် ထိန်းသိမ်းရှိရမည်။(ဈ)ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ဒီဇင်ဘာ ၃၁ ရက်မတိုင်မှီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်"

အဲ့ဒီကော်မတီရဲ့ ဦးတည်ချက် ၃ချက်၊ လုပ်ငန်းတာဝန် ၁၀ ချက်၊ လုပ်ပိုင်ခွင့် ၇ ချက်၊ လုပ်ထုံးလုပ်နည်း ၃ချက် နဲ့ ရပိုင်ခွင့် ၃ချက်ပါဝင်တဲ့ ကော်မတီရဲ့ လုပ်ငန်းသဘောတရားတွေကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကော်မတီအတွင်း အစုအဖွဲ့တွေ ဖွဲ့စည်းပြီး အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို အပိုင်းလိုက် လေ့လာသုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ အပိုင်းလိုက် တင်သွင်းသွားမယ်လို့ ကော်မတီရဲ့အတွင်းရေးမှူး ဦးအေးမောက်ကပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပူးပေါင်း ကော်မတီအစည်းအဝေးက အတည်ပြုခဲ့တဲ့ ဒီအစီရင်ခံစာကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။