လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဒီကနေ့ ထုတ်လွှင့်ခဲ့တဲ့ သမ္မတလစဉ် ရေဒီယိုမိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောကြားလိုက်တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သမ္မတရဲ့ သဘောထားကို လူသိ ရှင်ကြား ပြောကြားသင့်တယ်လို့ ဝေဖန်မှုတွေရှိလာချိန်မှာ ဦးသိန်းစိန်က ပထမဆုံးအကြိမ်အဖြစ် အခုလို ထုတ်ဖော် ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။
" ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်ရဲ့ သဘောထား ရပ်တည်ချက်ကို ပြောကြားလိုပါတယ်၊ အသက်ဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ အချိန်အခါလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ကျွန်တော်အနေနဲ့ ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်"
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လူထုဆန္ဒသဘောထား ရယူပွဲတွေကျင်းပပြီး ပြင်ဆင်ရေး တောင်းဆိုနေတာကိုလည်း ဦးသိန်းစိန်က အမည်နဲ့တကွ အသိမှတ်ပြု ထည့်သွင်း ပြောကြားထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရာမှာ အဓိကထား ပြင်ရမယ့် အပိုင်း ၃ ပိုင်းကို ပြောကြားရာမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရမယ့် အပိုင်း၊ ဒီမိုကရေစီစံနှုန်းတွေ၊ တန်ဖိုးတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရမယ့်အပိုင်းနဲ့ သမ္မတ အရည်အချင်းနဲ့ ပတ်သက်လို့ ပြင်ရမယ့်အပိုင်းတွေဖြစ်တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။
" တတိယပိုင်းကတော့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်ပင်ဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုးတွေ မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနဲ့ မိမိတို့ နိုင်ငံရဲ့ အချုပ် အခြာအာဏာကို မထိပါးစေမယ့် သင့်တင့် လျှောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်တဲ့ အခြေခံမူများရှိရန်လည်း လိုလားပါတယ်"
ဦးသိန်းစိန်က သမ္မတအရည်အချင်းနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေရှိနေရာမှာ နိုင်ငံရေး အကြပ် အတည်း တခုအထိ ရောက်ရှိမသွားအောင် နိုင်ငံရေးရွေးခြယ်မှုမှန်ဖို့လိုတယ်လို့လည်း သတိပေးထားပါတယ်။
အခြေခံဥပဒေပြင်ဆင်နိုင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ ဦးသိန်းစိန်က အရိပ်အမြွက် ပြောကြားရာမှာ “မတူညီတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ကွဲပြားတဲ့ လိုလားချက်တွေ၊ သဘောထား ရပ်တည်ချက်တေ သိမ်မွေ့စွာ ချင့်ချိန်ဖြည့်ဆည်းဆောင်ရွက်နေရတဲ့အတွက် အားမလို အားမရ ဖြစ်မှုတွေ ရှိလာတာကို သဘာဝကျတယ်လို့ နားလည်လက်ခံတဲ့အကြောင်း၊ ဒီအခြေအနေတွေ အားလုံးကို နိုင်ငံရေး အရှိတရားအနေနဲ့ အပြန်အလှန်နားလည်မှု ပေးဖို့ တိုက်တွန်းကြောင်း ပြောကြားထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ဒီနေ့ ပြောကြားတဲ့ မိန့်ခွန်းထဲက ကောက်နှုတ်ချက်တစ်ချို့နဲ့ သမ္မတမိန့်ခွန်း အပေါ် လေ့လာသူတစ်ချို့ရဲ့ အမြင်ကို RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။