ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒေါ်အောင် ဆန်းစုကြည် ဆွေးနွေး
2013.05.08
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခု ကို ပြင်ဆင်ပြဌာန်းမယ်ဆိုရင် ဘယ်လိုအခြေခံကျတဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားသင့်သလဲဆိုတဲ့ သုံးရက်ကြာ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက Micasa ဟိုတယ်မှာ ဒီနေ့စတင်ကျင်းပခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေတက္ကသိုလ် Sydney Law School က ဦးဆောင်ကျင်းပတဲ့ ဒီဆွေးနွေးပွဲကို ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ နိုင်ငံခြားသားပညာရှင်တွေ မြန်မာနိုင်ငံက ဥပဒေ ပညာရှင်တွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ လည်း တက်ရောက်ဆွေးနွေးနေကြပါတယ်။
ဒီဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးကြတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာဖို့ အထောက်အကူပြုနိုင်တယ်လို့ ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။
“အဓိကဆွေးနွေးသွားတာက ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို ဆွေးနွေးသွားတယ်၊ ကျနော်တို့ လက်ရှိ ၂ဝဝဂ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ပြည်သူလူထု တော်တော်များများက မကြိုက် ဘူး၊ ပြန်ပြင်လိုတဲ့ဆန္ဒရှိနေတယ်၊ ပြည်သူ့လွှတ်တော်ကလည်း ဒီဥပဒေကိုပြင်ဖို့အတွက် ကော်မတီတွေ ဖွဲ့ဖို့ အခြေအနေတွေရှိနေတယ်၊ ဒီလိုအခြေအနေမျိုးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပြင် မတုန်း၊ ကျနော်တို့ တိုင်းပြည်အတွက် အကောင်းဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ဘယ်လိုဖြစ်နိုင် မလဲဆိုတာတွေကို ဒီနေ့ဆွေးနွေးနေတာဟာ အချိန်အခါ အခြေအနေနဲ့ အတော်လေးကိုက်ညီပြီး တိုင်းပြည်အတွက် အတော်လေးအကျိုးကျေးဇူးရှိတယ်လို့ ပြောလို့ရတယ်၊ နောက်တစ်ခုက သူတို့ဆွေးနွေးမယ့်အထဲမှာ rule of law လို့ခေါ်တဲ့ တရားဥပဒေ စိုးမိုးရေးအကြောင်းလည်းပါတယ်”
ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ အကြံပြုတဲ့ ဆွေးနွေးပွဲမဟုတ်ပဲ နိုင်ငံတကာက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ သင်ခန်းစာတွေကို နမူနာထားပြီး ပညာရှင်တွေရဲ့အမြင်တွေကို ဆွေးနွေးတင်ပြခြင်းသာ ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ ဆစ်ဒနီ ဥပဒေတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်ဖို့ စီစဉ်နေတာမျိုး ကြားသိရတဲ့အတွက် အခုလိုဆွေးနွေးပွဲကနေ ရရှိလာတဲ့အချက်တွေက အထောက်အကူပြုနိုင်တယ်လို့လည်း ရှေ့နေဦးကိုနီက ပြောပါတယ်။