အခြေခံဥပဒေပြင်နိုင်ရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ပါဝင်ပူးပေါင်းမည်

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့နဲ့အတူ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) စုံညီအစည်းအဝေးကနေ ဆုံးဖြတ် လိုက်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မှာ ကျောင်းသားထု ပူးပေါင်းပါဝင်မှုကို ပြလိုတဲ့အတွက် အခုလို ကြေညာချက်ထုတ်တာဖြစ်တယ်လို့ တ.က.သ အဖွဲ့ဝင် ကိုစည်သူမောင်က ပြောပါတယ်။

"ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးကို အာမခံချက်ပေးနိုင်တဲ့အချက်တွေ ဒီဖွဲ့စည်းပုံမှာမပါသရွေ့တော့ အားလုံးလိုလားနေတဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ခုကိုပေါ့နော် ဖော်ဆောင်နိုင် မှာမဟုတ်ဘူးလို့ ကျနော်တို့ယုံကြည်တဲ့အတွက်ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး မှာ ကျောင်းသားတွေရော ပြည်သူတွေရော လူထုလူတန်းစား အလွှာပေါင်းစုံ ပူးပေါင်းပါဝင်လာတယ်ဆိုတဲ့ဟာ ကို ပြသတဲ့သဘောနဲ့ ထုတ်တာဖြစ်ပါတယ်"

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းမှုကို ထောက်ခံကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအပြင် ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ လက်ခံသဘောတူရေးဆွဲတဲ့ ပညာရေးဥပဒေ ပေါ်ထွန်းလာဖို့အတွက် ဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။

အဲ့ဒီကြေညာချက်ကို ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်း သားများသမဂ္ဂ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ရန်ကုန်) စတဲ့ တက္ကသိုလ် ၇ ခုက ကျောင်း သားသမဂ္ဂတွေ ပူးပေါင်း ထုတ်ပြန်တာဖြစ်ပါတယ်။

တ.က.သ အဖွဲ့ဝင် ကိုစည်သူမောင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။