ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အမျိုးသားလွှတ်တော်က အတည်ပြု

ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုလိုက်ကြောင်း သိရပါတယ်။

ဒီအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၆ ဦး အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ဆွေးနွေးခဲ့ပြီးနောက် ထောက်ခံမဲ ၁၆၃ မဲနဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အတည်ပြုလိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

"အဓိက ကတော့ ဦးဇော်မြင့်ဖေရဲ့ ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့ အရ စွပ်စွဲပြစ်တင်သည့် အဆိုကို ၁၆ ဦးမှာ တပ်မတော်သား ၆ ဦးစွဲပါတယ်။ မဲခွဲဆုံးဖြတ်တဲ့ အခါကျတော့ ရွေးချယ်တင်မြောက်ခံရတဲ့ ကိုယ်စားလှယ် ၁၆၃ ဦးက မတ်တပ်ရပ်ပြီး ထောက်ခံပါတယ်။ အောင်မြင်သွားပါတယ်။ တပ်မတော်ဘက်က ခန့်အပ်တဲ့ ပုဂ္ဂိုလ် ၆၄ ဦးကတော့ ဖြင့် ကန့်ကွက်ဆန္ဒပေးတာပေါ့လေ"

အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင်တွေကို စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုချက်ကို ပြည်သူ့လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်က စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ စွပ်စွဲခံရသူ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်က လာရောက် ရှင်းလင်းရမှာ ဖြစ်ကြောင်း သိရပါတယ်။

ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ ထောက်ခံမဲ ရရှိပါက အနိုင်ရရှိမှာဖြစ်ပြီး စွပ်စွဲခံရသူတွေဟာ ရာထူးက နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။