ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ လူတစ်ဦးချင်းစီ ကို အခြေခံမစဉ်းစားဘဲ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အခြေခံစဉ်းစားသွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဒီနေ့ ပြောကြား လိုက်ပါတယ်။
ဒီနေ့ ပြန်လည်စတင်တဲ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်လာချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဌေးဦးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။
“ကျနော်တို့ လူတွေနဲ့ ပတ်သက်လို့ မစဉ်းစားပါဘူး၊ နိုင်ငံနဲ့ နိုင်ငံသားတွေ အားလုံးအတွက်ပဲ စဉ်းစားပါတယ်၊ ကျနော်တို့ နိုင်ငံသားတွေအတွက်ကိုပဲ စဉ်းစားပြီးလုပ်ပါမယ်၊ သို့သော် ကျိန်းသေပေါက်လုပ်မယ် ဆိုတဲ့ဥစ္စာကတော့ အခြေခံဥပဒေမှာ ပြည်နယ်တွေမှာရှိနေတဲ့ ပြည်သူတွေ၊ တိုင်းတွေမှာရှိနေတဲ့ ပြည်သူတွေ အဲဒီပြည်သူတွေရဲ့ အခွင့်အရေးတွေ တကယ်ရအောင် ကျနော်တို့လုပ်ပေးရမယ်၊ ပြည်နယ်နဲ့ တိုင်းတွေမှာ သူတို့ရဲ့အစိုးရနဲ့ သူတို့ရှိတယ်၊ လွှတ်တော်တွေရှိတယ်၊ အဲဒီလွှတ်တော်တွေကို လုပ်ပိုင်ခွင့်ပေးရမယ်၊ အဲတော့ သူတို့ပြည်သူတွေရဲ့ အကျိုးကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”
ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒို့တာဝန်အရေး ၃ ပါးနဲ့အညီ၊ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်အောင် ပြင်ဆင်ရမယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၃ ပါ နိုင်ငံသားများ စောင့်ထိန်းရမယ့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို အလေးအနက်ထားကာ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ကြီး ဖြစ်ထွန်းလာရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်စနစ်နဲ့ ကိုက်ညီပြီး ပြည်သူတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်တဲ့ အခြေခံဥပဒေတစ်ရပ်အဖြစ် ပေါ်ပေါက်လာစေဖို့အတွက် ဥပဒေနဲ့အညီ ပြင်ဆင်ရမှာ ဖြစ်ပါတယ်”
ဒါ့အပြင် သူက ဒီနေ့အချိန်ဟာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေ အပေါ်ထားရှိတဲ့ စိတ်ရင်းစေတနာတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှုတွေကို မှတ်ကျောက်တင်ခံရမယ့် အချိန်လည်းဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တပ်မတော်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကို အစားထိုးခန့်အပ်ခဲ့ရာမှာ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ အမျိုးသမီးကိုယ်စားလှယ် နှစ်ဦးလည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ရှိရာမှာ ပထမဆုံးအကြိမ် အမျိုးသမီးကိုယ်စားလှယ်များ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူရဲ့သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။