အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း NLD အမတ်အားလုံး ပါဝင်ဆွေးနွေးမည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၄၂ ယောက်စလုံး ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ကျန်တဲ့ NLD ကိုယ်စားလှယ်အားလုံး ဝင်ရောက်ဆွေးနွေးဖို့ အမည်စာရင်းပေးထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

"ကျနော်တို့ တော်တော်များများသွင်းပါတယ်၊ လူတိုင်းနီးပါးပေါ့နော်၊ ပြင်မယ့်ပုဒ်မတွေ ၄၃၆ ( က ) ထဲမှာပါတာရယ်၊ ၄၃၆ ( ခ ) ထဲမှာ ပါတာတွေကများတဲ့ အခါကျတော့ ကျနော်တို့လူအကုန်နီးပါးပါပဲ၊ ဥက္ကဌတော့မပါဘူး၊ ကျန်တဲ့လူတွေကတော့ ကိုယ်ဆွေးနွေးမယ့် ပုဒ်မလေးတွေကို စာရင်းသွင်းထားပါတယ်၊ များသောအားဖြင့် ကတော့ ဥက္ကဌရဲ့လမ်းညွှန်မှုအောက်မှာ ရှိတဲ့အခါကျတော့ ကျနော်တို့ ကျန်တဲ့လူတွေ အကုန်ဆွေးနွေးပါတယ်"

ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွှန့်၊ ဦးနိုင်ငံလင်းနဲ့ ဒေါ်ခင်စန်းလှိုင်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမူကြမ်းထဲက အရေးကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ)ကို အဓိကဆွေးနွေးသွား မယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းအပေါ် ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေက မနက်ဖြန်နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော် ရုံးမှာ အမည်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။