၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေပါပူးပေါင်းပါဝင်ကြဖို့၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်ကိုကိုကြီးကဒီနေ့တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မြစ်ကြီးနားမြို့မှာရှိတဲ့ City Park Royal စားသောက်ဆိုင် မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်း ကျင်းပတဲ့ပုဒ်မ၄၃၆ပြင်ဆင်ရေးဟောပြောပွဲမှာကိုကိုကြီးကအခုလိုတိုက်တွန်းခဲ့တာပါ။
"တပ်မတော်သားတွေဟာ ကျနော်တို့ပြည်သူတွေနဲ့ တသားတည်း ဖြစ်ချင်တယ်ဆိုရင် တပ်မတော်ကိုပါ အထင်အမြင်လွဲစေမယ့် တပ်မတော်ကို သွေးကွဲစေတဲ့ ဒီပုဒ်မကို ပြင်ဆင်ရေးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေပါ ပူးပေါင်းပါဝင်ဖို့ ကျနော်တို့က ဖိတ်ခေါ်တယ်၊ ကျနော်တို့က ဘယ်သူမပါရဘူး၊ ဘယ်သူချန်ထား ဘယ်တုန်းကမှ မလုပ်ဘူး၊ နိုင်ငံသစ်တည်ဆောက်တဲ့နေရာမှာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ချန်ထားတာလည်း မကောင်းဘူး၊ ကျနော်တို့က အားလုံးတစ်စုတစ်ဝေးတည်း တကယ့်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးစိတ်ဓါတ် နဲ့ ဆောင်ရွက်ချင်တယ်၊ ပူးပေါင်းပြီးတော့ ပြင်ဆင်ချင်တယ်၊ အဲဒါကျနော်တို့ရဲ့ ဆန္ဒ"
ဒီနေ့ဟောပြောပွဲမှာကိုကိုကြီးအပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာဇော်မြင့်မောင်၊ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဦးမြတ်သိန်းတို့ ကလည်းပုဒ်မ၄၃၆ပြင်ဆင်ရေးဘာကြောင့်အရေးကြီးတယ်ဆိုတာကိုအဓိကထားဟောပြောခဲ့ကြပါတယ်။
မြစ်ကြီးနားမြို့ဟောပြောပွဲအတွက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကခွင့်ပြုချက်မပေးပဲကျင်းပခဲ့တာဖြစ်ပြီးဒေသခံလူဦးရေ၅၀၀ကျော်တက်ရောက်ခဲ့ပါတယ်။ဒီနေ့မှာပဲ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုဟောပြောပွဲတွေကိုမော်လမြိုင် နဲ့ကော့သောင်းမြို့တွေမှာလည်းကျင်းပခဲ့ပါတယ်။
RFA သတင်းထောက်ကိုကျော်မျိုးမင်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
