ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆောင်ရွက်ချက် စစ်ဆေးကြားနာဖို့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေး ကြားနာဖို့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ဒီကော်မတီကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။

မိမိတို့ အနေနဲ့ အဖြစ်မှန် ဖော်ထုတ်ရေးကို အဓိကထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

"ဒီနေ့ လွှတ်တော်က ၃ နာရီလောက်မှ ပြီးတယ်လေ။ ပြီးတာနဲ့ ဦးနန္ဒကျော်စွာက သူ့ရုံးခန်းမှာ ခေါ်ပြီးတော့မှ အဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးရေး ခုံရုံးလုပ်မဲ့ အကြောင်းကို ရှင်းလင်းပြတယ်ပေါ့။ အဓိက ကတော့ အဖြစ်မှန် ဖော်ထုတ်ဖို့ပဲရှိတယ်။ ဘာမှ ဆုံးဖြတ်ခွင့် မပေးဘူး။ ဆုံးဖြတ်ချက်ချမှာ မဟုတ်ဘူး။ အဲဒီအဖြစ်မှန်ကို သိလို့ရှိရင် သိတဲ့အတိုင်းကို ပြုစုပြီးတော့မှ လွှတ်တော်ကို ပြန်တင်ပြမယ်။ အဲဒီ တာဝန်ရှိတယ်"

အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို မနေ့က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ် ၁၆၃ ဦးရဲ့ ထောက်ခံမဲနဲ့ အတည်ပြုခဲ့ပါတယ်။

ဒီအဆိုကို ဆက်လက် ဆောင်ရွက်ပေးဖို့အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံကို ဒီကနေ့ ပေးပို့လိုက်ပြီးနောက်မှာ သူရ ဦးရွှေမန်းက စုံစမ်းစစ်ဆေးရေး ကော်မတီကို ခုလို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် စွပ်စွဲခံရသူ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်ဖြစ်သူက လာရောက် ရှင်းလင်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ၃ ပုံ ၂ ပုံ ထောက်ခံမဲ ရရှိခဲ့မယ်ဆိုရင် စွပ်စွဲခံရသူတွေဟာ ရာထူးက နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မတီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက အတွင်းရေးမှူး ဦးဝင်းမြင့်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။