ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် က ဒေသခံ တောင်သူ ၈၀ ခန့် မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးကုမ္ပဏီရုံးကို ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေ့က စရဖနဲ့တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပေမယ့် ပြဿနာကို ဖြေရှင်းပေးခြင်းမရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက တောင်သူတွေ ပိုင်တဲ့ သီးနှံစိုက်ခင်းတွေပေါ်မှာ ဦးပိုင်လီမီးတက်နဲ့ ဖက်စပ်ဆောင်ရွက်တဲ့ တရုတ်နိုင်ငံ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းက ပစ်စာမြေတွေ စွန့်ပစ်တဲ့အတွက် စိုက်ခင်းသီးနှံတွေ ပျက်စီးဆုံးရှုံးရတာကြောင့် ဒေသခံတောင်သူ ၈၀ ခန့်က မတ်လ ၉ ရက်နေ့မှာ ကုမ္ပဏီရုံးကို သွားရောက်ကန့် ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူ ရွာသူရွာသားတွေဟာ ဆာလင်းကြီးမြို့နယ် ဒုံးတောအုပ်စုဝင် ရွာသုံးရွာကဖြစ်ကြပါတယ်။

စွန့်ပစ်မြေတွေ လာပုံတဲ့ အတွက် ဒုန်းတော ၊ ဂုံတောနဲ့ရွာသာယာ ကတောင်သူတွေရဲ့ စိုက်ပျိုးခင်း သီးနှံတွေ ပျက်စီးဆုံးရှုံး ရတာဖြစ်ပါတယ်။

စွန့်ပစ်မြေမပုံဖို့ မြန်မာစီးပွားရေး ဦးပိုင်လိမိတက် တာဝန်ရှိသူ ဦးသိန်းထွန်းကို မေတ္တာရပ်ခံခဲ့သလို နိုင်ငံတော်သမ္မတထံကိုလဲ မတ်လ ပထမအပတ်အတွင်း စာပို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ၉ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စရဖ တာဝန်ရှိသူတွေ တောင်သူတွေကို ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့ ပြောဆိုပေမယ့် ပစ်စာမြေတွေ မစွန့်ပစ်အောင်တာဝန်ယူမယ်လို့တော့ မပြောဘူးလို့ တောင်သူတွေက ပြောပါတယ်။

ဆားလင်းကြီးနယ်မှာ ကြေးနီထုတ်လုပ်ရေး စီမံကိန်းကြောင့် စစ်အစိုးရလက်ထက်ကစပြီး ဒေသခံ တောင်သူတွေရဲ့ လယ်ယာ မြေဧက ၃၀၀၀ အသိမ်းခံခဲ့ရတာကြောင့် ဒေသခံ ဒုံးတောအုပ်စုဝင် ဂုံတော၊ ရွာသာယာ ရွာသုံးရွာ အတွက် စိုက်ပျိုးမြေ ၂၅၆ ဧက သာကျန် တယ်လို့ တောင်သူတွေကပြောပါတယ်။