ကြေးနီ စီမံကိန်းကြောင့် ပြောင်းရမည့်ရွာသားများ အသနားခံစာ ဖြန့်ဝေ

လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်းကြောင့် ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ကျေးရွာတွေက ဒေသခံ (၅၀) ကျော်လောက်ဟာ မုံရွာမြို့လယ်က အချက်အချာနေရာတွေမှာ အသနားခံစာပေါင်း (၂) ထောင်ခန့်ကို ဒီကနေ့ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

2012.08.18
monywa-copper-mine-b305 စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်မှာ မြန်မာယန်စီ တရုတ်ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့၏ ဖက်စပ် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများရှိနေကြောင်း ဒေသခံပြည်သူများက ကန့်ကွက်နေကြသည်။
RFA

ဒီစီမံကိန်းကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်မှာ မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

မိမိတို့ ကျေးရွာတွေနဲ့ လယ်ယာမြေတွေ မပြောင်းရွှေ့ရအောင် အများသိစေဖို့ အခုလို ပြုလုပ်တာ ဖြစ်တယ်လို့ ဒေသခံ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေ ငြိမ်းအေးသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံ (၃၀၀) လောက်ဟာ မနေ့ည (၇) နာရီလောက်က ချင်းတွင်းမြစ်ထဲမှာ မီးဖောင်မျှောပွဲ လုပ်ခဲ့ကြတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ ကြေးနီစီမံကိန်းကြောင့် ဝက်မှေး၊ ကန်တော၊ ဇီးတော၊ ဆယ်ထဲ စတဲ့ကျေးရွာ (၄) ရွာ၊ ဘုန်းတော်ကြီး ကျောင်း (၅)ကျောင်း၊ အစိုးရ မူလတန်းကျောင်း (၂) ကျောင်းနဲ့ လယ်ယာမြေတွေ အပါအဝင် မြေဧက ပေါင်း (၈၀၀၀) နီးပါးလောက် ဖယ်ရှားပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လောလောဆယ်အထိ ဝက်မှေးရွာ တစ်ရွာလုံးနဲ့ ကန်တောရွာ တဝက်လောက် ပြောင်းရွှေ့သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခု ကိစ္စအတွက် ဒေသခံတွေက ဆန္ဒပြဖို့ မြို့နယ်အာဏာပိုင်တွေထံ ခွင့်ပြုချက်တောင်းခဲ့ပေမယ့် အကြိမ်ကြိမ် ပယ်ချခံရတဲ့ အတွက် တိုင်းအဆင့် အာဏာပိုင်တွေထံ အယူခံ လျှောက်ထားကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။