လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့တောင်းဆိုကြတဲ့ ဒေသခံ ၅၀၀ လောက်ဟာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြကြတာဟာ ပထမဆုံးအကြိမ် တရားဝင်ဆန္ဒပြခွင့်တာဖြစ်ပြီး မတ်လ ၂၂ ရက်နေ့က ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ တုံရွာကနေ ဝမ်ပေါင်ကုမ္ပဏီရှေ့ကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာလို့ အလယ်တောကျေးရွာက ဒေသခံ မစန္ဒာထွန်းက RFA ကို ပြောပါတယ်။
သူတို့တောင်းဆိုချက်တွေကတော့ အရင်လိုပဲ စီမံကိန်းရပ်ဆိုင်းပေးရေးနဲ့ မီးလောင်ဗုံးသုံးစွဲရာမှာ တာဝန်ရှိသူတွေကို ဖေါ်ထုတ်ပေးရေးဖြစ်တယ်လို့ မစန္ဒာထွန်းက အခုလို ပြောပါတယ်။
“ကျမတို့ ဒေသခံတွေဆန္ဒသဘောထား ၃ ချက်နဲ့ တောင်းဆိုတယ်၊ အဲဒါက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံများကို ဖော်ထုတ်ပေးရေး၊ ပုဒ်မ ၁၄၄ ဖျက်သိမ်းပေးရေးတို့ဖြစ်တယ်”
ဒီကနေ့ လမ်းလျှောက်ဆန္ဒပြရာမှာ ဆည်တဲကျေးရွာ၊ ဇီးတောကျေးရွာ၊ ဖောင်းကထာကျေးရွာ၊ တုံရွာ၊ အလယ်တောကျေးရွာအစရှိတဲ့ ကျေးရွာ ၂၀ က ဒေသခံပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
နောက်ရက်တွေမှာလည်း အလားတူ ဒေသအုပ်ချုပ်ရေးအဖွဲ့ထံကနေ ခွင့်ပြုချက်ရယူပြီး ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။