ကိုလိုနီ အင်္ဂလိပ်လက်ထက်က လယ်သမားခေါင်းဆောင် ဆရာစံက ဖားရွှေကျော်တိုက်ပွဲ ဆင်နွှဲခဲ့သလို ဝက်မှေး ဒေသခံတွေဟာလည်း အိုးစည် ဗုံမောင်းတွေနဲ့ မြန်မာနိုင်ငံတော် သီချင်းတွေ ဟစ်အော် သီဆိုပြီး သူတို့လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ ဆန္ဒဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။
ဒီ ဆန္ဒပြပွဲကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၅၀ လောက်က မီးသတ်ကား ၃ စီးနဲ့အတူ စောင့်ကြည့် နေခဲ့ကြပေမယ့် ပဋ္ဋိပက္ခ တစုံတရာ ဖြစ်ပွားမှု မရှိခဲ့ပါဘူး။ ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို အာဏာပိုင်တွေဘက်က တစုံတရာ ညှိုနှိုင်း ဖြေရှင်းပေးမှု မရှိတဲ့အတွက် ဆန္ဒဖော်ထုတ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပါဝင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်မတို့ ဒီလယ်ယာမြေထဲမှာပေါ့နော်၊ ဘိုးစဉ်ဘောင်ဆက်က လုပ်ထားတဲ့ လယ်ယာမြေတွေထဲမှာ သူတို့က မတရားလည်း အနိုင်ကျင့် သိမ်းပိုက်ထားသေးတယ်။ ပုဒ်မ ၁၄၄ က လာပြီး ထုတ်ပြန်ထားသေးတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်မတို့ တောင်သူ လယ်သမားတွေက ဘိုးစဉ်ဘောင်ဆက်က လုပ်ထားတဲ့ လယ်မြေကတော့ လာပြီးတော့ ထွန်မှာပဲ။ နေ့စဉ်နဲ့အမျှ ဒီလိုလာပြီးတော့ ကျွန်မတို့ စိုက်ဖို့ ပြန်ပြင်တာပေါ့နော်။ ပြီးတော့ ကျွန်မတို့ တောင်သူ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ထဲကို ကျူးကျော် ဝင်ရောက်ခြင်း မပြုရဆိုတဲ့ ဆိုင်းဘုတ်ကို ကျွန်မတို့ လယ်မြေတိုင်းမှာ ချိတ်တာပဲ။ ညှိနှိုင်းခြင်းလည်း မရှိဘူး။ ဒီဆိုင်းဘုတ်တွေ လိုက်ပြီးချိတ်သ၍ကတော့ ကျွန်မတို့ကလည်း လိုက်လုပ်နေဦးမှာပဲ"
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်လီမိတက်တို့ ပူးတွဲ အကောင်အထည် ဖော်နေတာဖြစ်ပြီး ပတ်ဝန်းကျင် ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇၈၀၀ ကျော်ကို အဓမ္မ သိမ်းပိုက် ထားတာကြောင့် တောင်သူတွေက သူတို့လယ်မြေတွေ ပြန်လည် ရရှိရေးအတွက် လယ်သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။