ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က လက်နက်ကိုင် လုံခြုံရေးရဲတွေ ရာနဲ့ချီ ချထားခဲ့ပြီး နှစ်ဖက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကြပေမယ့် အခေါင်းတု မီးရှို့သဂြိုဟ်ပွဲကတော့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒေသခံလူထုနဲ့ အာဏာပိုင်တွေအကြား တင်းမာမှု ဖြစ်ခဲ့ပုံကို ဒေသခံ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။
”ရဲတွေက ကျွန်မတို့ လူထုကို ဝိုင်းထားတယ်။ ပုသိမ် မုံရွာလမ်းရှေ့ကို ကျွန်မတို့ မဖြတ်ရအောင် လမ်းပိတ်ဆို့ထားတယ်။ ပုသိမ်လမ်းဆုံမှာ တရုတ်ကုမ္ပဏီအခေါင်း တစ်ခုရယ်၊ ဦးပိုင် ကုမ္ပဏီအခေါင်း တစ်ခုရယ် အလောင်းသုံးလောင်းကို လူထုတွေက မီးသဂြိုဟ်တယ်။ ကျွန်မတို့ နယ်မြေမှာလေ၊ ဒါမတရား သိမ်းပိုက်တာလေ။ သိမ်းပိုက် မခံနိုင်တာကိုး။ လူထုတွေက လူအင်အားပြကြတယ်။ လူအင်အား တစ်သောင်းလောက်ရှိတယ်။ ဒီလူထုတွေ မသွားမလာရအောင် ရှေ့ကနေပြီးတော့ လမ်းပိတ်ဆို့ ထားကြတယ်။ ရဲတွေဘာတွေဆို နှစ်ရာကျော်လောက်ရှိမယ်။ ကုမ္ပဏီ လူကြီးတွေရော”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ဒီကနေ့ ဆန္ဒပြပွဲမှာ မန္တလေး ဗကသ ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပြီး ဆန္ဒပြ လူအုပ်ကြီးဟာ မုံရွာ-ပုသိမ် လမ်းမကြီးကနေ တစ်မိုင်လောက်ခရီးကို လမ်းလျှောက်ခဲ့ကြပါတယ်။
အဲဒီနောက် ဘုရားတစ်ဆူမှာ ဝင်ရောက် ဆုတောင်းခဲ့ကြသလို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် နိုင်ငံတော် အကြီးအကဲတွေကို စာရေးသား တင်ပြဖို့ လက်မှတ်တွေ စုပေါင်း ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖက်စပ် လုပ်ကိုင်နိုင်ဖို့အတွက် စီမံကိန်းတဝိုက် ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော် အဓမ္မ သိမ်းယူထားတာကို မကျေနပ်တဲ့အတွက် လယ်သိမ်းခံ တောင်သူတွေက သြဂုတ်လ နောက်ဆုံးပတ်ကစလို့ နေ့စဉ်ရက်ဆက် ဆိုသလို ဆန္ဒပြပွဲတွေ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။