လယ်မြေသိမ်းခံထားရတဲ့ နေရာတွေမှာ လယ်သိမ်းခံ တောင်သူတွေက နှမ်းသီးနှံတွေ စိုက်ပျိုးနေတဲ့အတွက် ဆက်လက် မစိုက်ပျိုးနိုင်အောင် အဲဒီလယ်မြေတွေ အတွင်းကို ကုမ္ပဏီဘက်က ကျောက်တွေလာပုံတဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက် တားမြစ်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြ ဒေသခံတောင်သူ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။
"တားတဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆင်းလာပါတယ်။ သူ့ရဲ့နောက်က စစ်သားတွေနဲ့ အတူပေါ့ဗျာ။ သေနတ်တွေနဲ့လည်း ချိန်ထားတယ်။ သူတို့က ဒီနေရာတွေကို အဆောက်အဦးဆောက်မှာ ဖြစ်တဲ့အတွက် ယာမြေတွေကို ခုတ်ထွင် ပေးတဲ့ လယ်ထွန်စက်တွေကိုလည်း သူတို့သိမ်းမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က ဒီတစ်နှစ်မှာ တစ်ရက်ပဲ တန်ဖိုးထားရတာ။ အခုဆိုရင် ကြဲလို့မရဘူး ဖြစ်နေတယ်။ အခုက ခြိမ်းခြောက်မှုနဲ့ အဲဒီလို အာဏာတွေပြနေတဲ့ အခါကျတော့ ကျွန်တော်တို့ ဘာမှ လုပ်စားလို့ မရတော့ဘူးဗျ။ ကျွန်တော်တို့က တွေ့ချင်တယ်။ ဆွေးနွေးမှုကို လာပြီးတော့ ဆွေးနွေးမှုလည်း မပြုပါဘူး။ ကျွန်တော်တို့နဲ့ မနီးမဝေးမှာ စခန်းထိုင်ထားတာ ၃ ခု ရှိတယ်ဗျ"
ဒီကနေ့ ဆန္ဒပြတားမြစ်တဲ့ ကျေးရွာတွေဟာ စီမံကိန်း အကောင်အထည်ဖော်ဖို့ လယ်မြေ သိမ်းယူခံထားရတဲ့ ဆည်တဲ၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲဒီ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတောင်သူတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပေမယ့် အခုအချိန်ထိ ကြေးနီစီမံကိန်းကို လုပ်ကိုင်နေဆဲပဲလို့ သိရပါတယ်။
အဲဒီ ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-ဝမ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတဝိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇,၈၀၀ ကျော်ကို ၂၀၁၀ ခုနှစ်ကစပြီး အဓမ္မ သိမ်းယူခံထားရပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ကစလို့ လယ်သိမ်းခံရတဲ့ ဒေသခံ တောင်သူတွေက အဲဒီ စီမံကိန်းကို တားဆီးဖို့ လယ်သိမ်းတိုက်ပွဲကို နေ့စဉ်ရက်ဆက် ဆင်နွှဲခဲ့ကြပါတယ်။ ဒီနေ့ ဆန္ဒပြမှု နောက်ဆုံး အခြေအနေကတော့ ဒေသခံတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲလိုက်တယ်လို့ သိရပါတယ်။