လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်းခံ တောင်သူလယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက်က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။

2012.09.06
copper-mine-activist-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်က ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်များနှင့် လယ်သိမ်းခံ တောင်သူလယ်သမားများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြနေကြစဉ်။
RFA

အဲသလိုဖြစ်ကြရာမှာ လုံထိန်းရဲတွေဟာ ရွာသူရွာသား (၅၀၀) ကျော်နဲ့ ထိပ်တိုက် တွေ့ခဲ့ကြရတယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်က မအေးသင်းက အခုလို ပြောပါတယ်။

“ကိုဟန်ဝင်းအောင်တို့၊ ကိုအောင်စိုးတို့ ပြီးတော့ ကိုသောင်းထိုက်တို့၊ ကိုသော်ဇင်တို့ သူတို့ကိုဖမ်းဖို့ ဝင်လာတာ။ လောလောဆယ်တော့ သူတို့အဖမ်းမခံရသေးဘူး။ သူတို့က အပြင်မှာ။ သူတို့လာမယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့က သိထားတယ်။ သိထားတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့လည်း ကင်းတွေချထားတယ်။ ရွာပတ်ပတ်လည်မှာ ကင်းတွေချထားတယ်။ အခု အရှေ့ကင်းတဲကနေ သူတို့ဝင်လာတဲ့ အတွက်ကြောင့်မို့လို့ အရှေ့ကင်းတဲကလူတွေက ဖုန်းဆက်တဲ့ အခါကျတော့ ရွာသားတွေ အကုန်လုံးက သူတို့ကိုလောလောဆယ် အပြင်ပေးမထွက်ဘူး။ ဘုန်းကြီးကျောင်းထဲမှာပဲ ထားတယ်။ အခုတော့ ရွာသားတွေ အင်အား ၅၀၀ လောက်က တုတ်တွေ၊ ဓားတွေနဲ့ စောင့်နေတယ်။ မိန်းမတွေရော၊ ယောင်္ကျားတွေရော အကုန်လုံးစုပြီး ဒီရွာသားတွေ စောင့်နေတယ်”

အာဏာပိုင်တွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဲဒီ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က အဖွဲ့ဝင် ကိုဝေဠုကို စက်တင်ဘာ (၁) ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက်ပိုင်း ကျန်ကွန်ရက်အဖွဲ့ဝင်တွေကို လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ကိုဝေဠုကို လောလောဆယ် ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ အဲဒီ ကွန်ယက် အဖွဲ့ဝင်တွေက ပြောပါတယ်။

ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်ကို အခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အမာခံ အဖွဲ့ဝင် ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။