လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ် ြမန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်း ဖော်ဆောင်ဖို့အတွက်ဆိုပြီး သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးဖို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ရာချီတဲ့ဒေသခံတွေဟာ ဒီနေ့မနက်ပိုင်းက ကံကုန်းရွာနားမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ကံကုန်းကျေးရွာသား ကိုအောင်စိုးက RFA ကို အခုလို ပြောပါတယ်။
“ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျနော်တို့ရွာကို ၁၃ ရက် ၃ လ ၂ဝ၁၃ ခုနှစ်က အစီရင်ခံစာနဲ့ ပတ်သက်ပြီး လာရောက်ရှင်းပြတဲ့အခါမှာ ကျနော်တို့ဘက်က စံပယ်တောင်၊ ကြေးစင်တောင်နဲ့ပဲ ပတ်သက်တာပါ၊ လက်ပံတောင်းတောင်နဲ့ မပတ်သက်ပါဘူး၊ စံပယ်တောင်၊ ကြေးစင်တောင်ဘက်က မြေယာလျော်ကြေးကို ရပါ့မလားဆိုတော့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ရင် အကုန်လုံးရပါလိမ့်မယ်ဆိုပြီးတော့ တာဝန်ခံပါတယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားရေးမှူး တစ်ယောက်ကလည်း ဒါကိုကျနော်တို့ထပ်ပြီးတော့ လက်ခံသွားတာပါ၊ ဒါတွေကို ယနေ့အချိန်ထိ လာရောက်ဖြေရှင်းမပေးလို့ ကျနော်တို့အနေနဲ့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်”
လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ် မဆလအစိုးရလက်ထက်က ကံကုန်း၊ ဒုဏ်တော၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်းနဲ့ တယ်ပင်ခံစတဲ့ ကျေးရွာတွေက လယ်သမား ၇ဝဝ လောက်ပိုင်တဲ့ လယ်ဧက ငါးထောင်ကျော်ကို လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
ဒီနေ့ဆန္ဒပြသူတွေ တောင်းဆိုတဲ့အချက်တွေကတော့ မြေယာလျော်ကြေးရရှိဖို့၊ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္မဏီလီမိတက်ရဲ့ မိုးကြိုး ဆာလဖျူရစ်အက်ဆစ်စက်ရုံကို ရွှေ့ပြောင်းပေးဖို့၊ စီမံကိန်းအတွက် မလိုအပ်တဲ့မြေတွေကို ရွာသားတွေကိုပြန်ပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြတာပါ။
ကြေးစင်တောင်နဲ့ စပယ်တောင် ကြေးနီစီမံကိန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ နီးပါး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းတွေဖြစ်ြပီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရှိပါတယ်။
