ဒါ့အပြင် စီမံကိန်းကြောင့် ထိခိုက်ရတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ စွန့်ပစ် ဓာတုပစ္စည်းတွေကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက် နစ်နာရတာတွေ၊ ဘဝနေထိုင်မှု စနစ် ပျက်ယွင်းရတာတွေကို လေ့လာ စမ်းစစ်ထားတဲ့ စာတမ်းတစ်စောင်ကိုလည်း ဒီနေ့ရရှိတဲ့ ဆန္ဒပြု လက်မှတ်တွေနဲ့အတူ သမ္မတဆီ ပေးပို့မယ်လို့ ဒေသခံတွေကို ကူညီနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်မြေသိမ်းပြီး ရွာ ၄ ရွာ ပြောင်းရွှေ့ခိုင်းထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီက လက်ပံတောင်းတောင်ကို ဖြိုနေပြီး အဲဒီ ဖြိုလိုက်တဲ့ မြေတွေကို ပတ်ဝန်းကျင်က လယ်မြေတွေမှာ ပုံလိုက်တဲ့အတွက် မြေယာဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် သားစဉ်မြေးဆက် လယ်မြေနဲ့ ဘဝလူနေမှု ဆုံးရှုံးရတော့မယ့် ဒေသခံ တောင်သူတွေက အခုရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဆန္ဒပြနေကြပါတယ်။