ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းယူခံခဲ့ရတဲ့ ကျေးရွာ (၂၆) ရွာအပြင် တခြားရွာတွေ အနေနဲ့လည်း စီမံကိန်းရဲ့ ဘေးထွက် ဆိုးကျိုးတွေကို သိရှိလာပြီး ဒေသခံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သဘာဝ ပတ်ဝန်းကျင် ပူးပေါင်း ထိန်းသိမ်းမှုဆိုင်ရာ သိကောင်းစရာတွေကို သွားရောက် ဟောပြောခဲ့ကြတာ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့တော့ ရွာစဉ်တော့ ကျွန်တော်လှည့်လည်ပြီးတော့ စည်းရုံးဟောပြောတယ်။ ၂၆ ရွာအပြင်ကို ဒီပြင့်စိတ်ဝင်စားတဲ့ ရွာတွေကိုပါ စည်းရုံးဟောပြောပေးတယ်။ ဒါ တောင် ၃၃ လုံးဆိုတော့ အဲဒီရွာတွေပါ ပါလာနိုင်ခြေရှိတဲ့ ရွာတွေကို လိုက်ပြီးပြောပေးတယ်။ ရွာတွေဖျက်သိမ်းရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မယ်။ ဆိုတဲ့ ပညာပေးတွေပေါ့နော်။ အားလုံး တရပ်လုံး ပါဝင်လာနိုင်အောင်လည်း လှုပ်ရှားမှုတွေကို ပြောပြတယ်။ စည်းရုံးတယ်"
အခုဆိုရင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးမှာ မုံရွာမြို့ခံ လူထုတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ ညနေကတော့ စီမံကိန်း ဆက်လုပ်ရင် မကြာခင် ပျောက်ကွယ် သွားတော့မှာဖြစ်တဲ့ လက်ပံတောင်းတောင်နဲ့ တခြားတောင်တွေကို ချင်းတွင်းမြစ်ကမ်းဘေးကနေ လှမ်းမျှော်ကြည့်ရှုကြတဲ့ လှုပ်ရှားမှု တရပ် မုံရွာမြို့ခံလူထုက ဦးဆောင် ကျင်းပခဲ့ကြပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။