ကြေးနီကုမ္ပဏီ သိမ်းဆည်းမြေပေါ် ရွာသားများ ထန်းပင် ပြန်စိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ဒေသခံ ကျေးရွာ (၂၆) ရွာက ရွာသူရွာသား (၂၀၀၀) ကျော်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် ကုမ္ပဏီက ခုတ်လှဲပစ်ခဲ့တဲ့ ထန်းပင်တွေနေရာမှာ ထန်းပင်ပေါက်တွေ ထောင်နဲ့ချီပြီး ပြန်လည်အစားထိုး စိုက်ပျိုးမှုကို ဒီကနေ့ ညနေ လေးနာရီအချိန်ကစတင်ပြီး စုပေါင်း လုပ်ဆောင်နေကြပါတယ်။
2012-10-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အဲဒီ စုပေါင်း ထန်းပင်စိုက်ပွဲ လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဒေသခံ ဆည်တဲကျေးရွာသား ကိုကျော်နိုင်က RFA ကို အခုလို ပြောပါတယ်။

"ဒီသဘာဝ ပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးအောင်လုပ်တဲ့ ဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်းကို လုံးဝကန့်ကွက်တဲ့ အနေနဲ့ ဒီမှာ သူတို့လှဲလိုက်တဲ့ ထန်းပင်တွေနေရာမှာ ကျွန်တော်တို့ အစားပြန်လာ စိုက်တာပါ။ သူတို့ခုတ်လှဲထားတဲ့ အပင်က အားလုံး ပေါင်းလိုက်ရင် တစ်ထောင်လောက် ရှိတယ်။ သူတို့ တစ်ထောင်လှဲတယ်။ ကျွန်တော်တို့ နှစ်ထောင် ပြန်စိုက်ပါတယ်။ အပင်ပေါင်း နှစ်ထောင်ကျော် ပြန်စိုက်မှာပါ။ လူတစ်ယောက်ကို တစ်ပင်နှုန်း ပြန်စိုက်မှာပါ။ သူတို့ စီမံကိန်းကြီးနဲ့ ပတ်သက်တဲ့ ဘေးနားတွေမှာ ဆောက်လုပ်ရေး လုပ်နေတဲ့ တောင်ပတ်ဝန်းကျင်မှာတော့ လုံခြုံရေးတွေ အပြည့်ယူထားတယ်။ ကျွန်တော်တို့ကို မှန်ဘီလူးတွေနဲ့ အဝေးကနေ လှမ်းကြည့်နေတယ်။ တောင်အောက်မှာလည်း သူတို့ လုံခြုံရေးတွေ အပြည့် ယူထားတယ်ခင်ဗျ။ ကျွန်တော်တို့က တောင်ခြေမှာ သစ်ပင်တွေ စိုက်နေပြီ အခု။"

ဒေသခံတွေဟာ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်ရေး ကော်မတီရဲ့ စုပေါင်း သစ်ပင်စိုက်ပွဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "တို့ပြည်၊ တို့ရွာ ၊ တို့ခွန်အားဖြင့် စိမ်းလန်းစေရမည်" ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။ ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး ဆိုတဲ့ ကြွေးကြော်သံတွေလည်း ဒေသခံတွေက ရွတ်ဆိုနေကြတယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ အပြည့်ယူထားပြီး ထန်းပင်စိုက်နေတဲ့ ဒေသခံတွေကို စောင့်ကြည့်နေကြကြောင်းလည်း သိရပါတယ်။

အဲဒီအခန်းအနား ပြုလုပ်တဲ့ ဒေသဟာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေ ဖြစ်ပေမဲ့ ဘာမှ  အရေးယူခြင်း မရှိဘူးလို့ သိရပါတယ်။

အဲဒီ ထန်းပင်စိုက်ပျိုးပွဲ အကြောင်း ဆည်တဲရွာသား ဦးမိုးဇော်ထွန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်