"တစ်ဧကကို နှစ်သောင်းနှုန်းနဲ့ လယ်သမားက ချေးတာကို ကျေးရွာ အုပ်ချူပ်ရေးမှူးက တစ်ဧက တစ်ထောင်နှုန်း ကောက်ခံတယ်။ ဆေးခန်းဆောက်ဖို့ဆိုပြီးတော့ အကြောင်းပြတယ်။ လယ်သမားတွေက ဧက ၅၀၀ အတွက်ကို တစ်ဧက တစ်ထောင်နှုန်းနဲ့ ပေးလိုက်ကြရတယ်။ နောက်ပြီး ဆေးခန်းဆောက်ဖို့ ဆိုပြီးတော့ပဲ ကံစမ်းမဲ လက်မှတ် စောင်ရေ ငါးထောင်ကို တစ်စောင် ငါးရာနှုန်းနဲ့ မော်တော်ဆိုင်ကယ် ကံစမ်းမဲ ဖောက်မယ် ဆိုပြီးတော့ လုပ်တာ အခုအချိန်အထိကို ကံစမ်းမဲလည်း မဖွင့်ဖူး။ အဲ့ဒီ ပိုက်ဆံတွေ ရတဲ့ဟာတွေလည်း မသိရဘူး။ နောက်တခုကလည်း မူလွန်ကျောင်းက ရံပုံငွေ ဆိုပြီးတော့ လယ်မြေ ဧကတွေပေါ်မှာ ကျူးကျော်ပြီးတော့ စိုက်ပျိုးထားတဲ့ လယ်သမား အယောက် ၃၀၀ ဆီကနေပြီးတော့ တစ်ယောက်ကို နှစ်ထောင်နှုန်းနဲ့ တခါ ထပ်ပြီးတော့ ကောက်ခံတယ်။" ဆေးခန်း ဆောက်လုပ်ဖို့နဲ့ စာသင်ကျောင်းမှာ အသုံးပြုဖို့ဆိုပြီး ငွေကောက်ခံခဲ့တာကတော့ ဇရစ်ရိုး ကျေးရွာအုပ်စု အတွင်းက လေဆွဲကျေးရွာ၊ ဒေါင့်အိုင်ကျေးရွာ၊ ဇရစ်ရိုးလေး ကျေးရွာ၊ ဇရစ်ရိုးကြီး ကျေးရွာနဲ့ ကမ်းနား ဇရစ်ရိုး ကျေးရွာ ငါးရွာမှာ လယ်ယာ လုပ်ကိုင် စားသောက်နေကြတဲ့ ဒေသခံ တောင်သူ လယ်သမားတွေထံကနေ ကောက်ခံခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေသတွင်း လယ်ယာ လုပ်ကိုင်နေကြတဲ့ တောင်သူ လယ်သမား အများစုဟာ ၂၀၀၈ ခုနှစ် မေလက တိုက်ခိုက်ခဲ့တဲ့ နာဂစ် လေမုန်တိုင်းဒဏ် ခံခဲ့ရပြီး နောက်ပိုင်း အပြည့်အ၀ ထွန်ယက် စိုက်ပျိုးနိုင်ခဲ့ခြင်း မရှိသလို လယ်ယာမြေတွေထဲ ကြွက်တွေဝင်ရောက် ဖျက်ဆီးခံခဲ့ရမှုတွေကြောင့် စိုက်ပျိုးထားတဲ့စပါးပင်တွေ အတော်များများ ပျက်စီး ဆုံးရှုံးခဲ့ရမှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံ တောင်သူတွေက ပြောပါတယ်။ လယ်တစ်ဧက စိုက်ပျိုး ကုန်ကျ စာရိတ်ဟာလည်း မျိုးစပါး ဝယ်ယူရတာ မြေသြဇာ၊ ထွန်ယက်ခတွေနဲ့ ရိတ်သိမ်းခတွေ အပါအဝင် ကျပ်တစ်သိန်းလောက် အနည်းဆုံးရှိပြီး စိုက်ပျိုးဘဏ်က ချေးငွေနဲ့ မလုံလောက်ကြတဲ့ထဲက ဆေးခန်းနဲ့စာသင်ကျောင်း အတွက် ကောက်ခံတဲ့ငွေတွေ ပေးလိုက်ရပြီး အခုအချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိပဲ ဖြစ်နေတာကြောင့် မကျေမနပ် ဖြစ်နေကြတယ်လို့ နောက် ရွာသားတစ်ဦးက ပြောပြပါတယ်။
