ဒီမိုကရေစီပညာရေးတောင်းဆိုမှုကို တန်ပြန်လှုပ်ရှားမှုအနေ နဲ့ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှာ ပါမောက္ခချုပ် က ကျောင်းသားတချို့ကို ခေါ်ယူစည်းဝေးခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားရေးဆိုတဲ့ အကြောင်းပြချက်နဲ့ သပိတ်ကို ကန့်ကွက်တဲ့ သဘောထားထုတ်ပြန်ခဲ့တာဟာ ကျောင်းသား ထု ညီညွတ်ရေးပျက်ပြားစေတယ်လို့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မိတ္ထီလာ စီးပွါးရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကြေညာလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မိတ္ထီလာစီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဟိန်းက RFA ကို အခုလိုပြောပါတယ်။
"ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်နေတဲ့ သပိတ်စစ်ကြောင်းကို စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်အနေနဲ့ပေါ့နော် ကန့်ကွက်တဲ့ပုံစံမျိုးပေါ့နော်၊ မဲတွေကောက်တယ် အဆင့်မြင့်ပညာ ညွှန်ကြားရေးမှူးဦးစီးဌါနကို အဲ့လက်မှတ်ထိုးထားတဲ့လူတွေ စာရင်းကိုတင်တယ်ပေါ့၊ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြတဲ့လုပ်ရပ်မျိုး ပြု လုပ်တယ်ပေါ့နော်၊ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့ အမြင်ပြောရမယ်ဆိုလို့ရှိရင် ဒါဟာဒီမိုကရေစီ ပညာရေး ပြုပြင်ပြောင်းလဲမှုကို မလိုလားဘူးလို့ ကျနော်တို့ယူဆတယ်၊ အမှန်တကယ်ပဲ ကျနော်တို့တွေ နဲ့အတူတူ ပညာရေးပြုပြင်ပြောင်းလဲလိုစိတ် ရှိတယ်ဆိုလို့ရှိရင် ကျနော်တို့နဲ့အတူတူ ပူးပေါင်းပြီးတော့ ဘယ်လိုအချက်တွေတော့ ကောင်းမွန်တယ်၊ ထည့်သင့်ပါတယ်ဆိုတာမျိုး ညှိနှိုင်းတာမျိုးပဲလုပ်သင့်တယ်၊ ဒီလိုမျိုးတန်ပြန်တဲ့ပုံစံမျိုးကို မလုပ်သင့်ဘူးပေါ့နော်၊ အဲ့လိုမျိုးလုပ်တာ ကျနော်တို့တိုင်းပြည် အနာဂတ်အတွက်ရော၊ ကျနော်တို့ကျောင်းရဲ့အနာဂတ်အတွက် လည်း မကောင်းနိုင်ဘူးပေါ့"
ဒီမိုကရေစီစနစ်နဲ့အညီ တကယ်တတ်မြောက်အောင် သင်ကြားပေးမယ့် ပညာရေးစနစ်သစ်တရပ်ကို တောင်း ဆိုနေတာဖြစ်တဲ့အတွက် အခုလိုတန်ပြန်လှုပ်ရှားမှုမျိုးကို ရှောင်ကြဉ်ပြီး၊ အပြုသဘောဆောင်တဲ့အနေနဲ့ ဆွေးနွေး အကြံပြုဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တောင်းဆိုကြောင်းလည်း ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ သမဂ္ဂရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
