တရားစွဲခံ မင်းပြား NLD ကိုယ်စားလှယ် ပြန်လွတ်

ရခိုင်ပြည်နယ် ကျောက်ဖြူအကျဉ်းထောင်မှာ ထောင်ဒဏ် ၆လ အမိန့်ချမှတ်ခံထားရတဲ့ မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မြောက်ဦးခရိုင်တရားရုံးက ဒီနေ့ အပြီးသတ်လွှတ်ပေးလိုက် ပါတယ်။

မြေပုံမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန်မှုနဲ့ သူ့ကို ပြစ်ဒဏ်တစ်နှစ်ချမှတ်ထားတာဖြစ်ပြီး မြောက်ဦးခရိုင် တရားရုံးက ပယ်ဖျက်ပေးလိုက်တာပါ။

ပြစ်ဒဏ်က ကင်းလွတ်သွားပြီဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို ထမ်းဆောင်ခွင့် ရသွားတယ်လို့ ဦးလှအောင်ညွန့်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြော ပါတယ်။

"မြေပုံမြို့နယ်တရားရုံးက ပြစ်မှုပုဒ်မ ၄၅၁/၅ဝ၆ အရ ထောင်ဒဏ် ၆ လစီ ကျခံဖို့ချထားတဲ့အမှုကို ပယ်ဖျက်ပြီး အပြီးအပြတ်လွှတ်တဲ့အမှုကို ဒီနေ့ချမှတ်ခဲ့ပါတယ်၊ အမှုနဲ့ပတ်သက်ပြီးတော့ ထောင်ဒဏ်ချမှတ်ထားပေ မယ့် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ အဆင့်မြင့် တရားရုံးအဆင့်ဆင့်က ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် တိုင်အောင် ကိုယ်စားလှယ်အဖြစ် သတ်မှတ်တယ်ဆိုတဲ့ ပြည်ထောင်စုကော်မရှင်က စာပေးပို့ထားတာ လည်းရှိပါတယ်၊ အခုလွှတ်လိုက်ပြီဆိုတော့လည်း မူလအတိုင်းပဲ လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ်ပဲ လွှတ်တော်ကို တက်ရောက်သွားမှာဖြစ်ပါတယ်"

ရခိုင်အမျိုးသားပါတီ ANP ရဲ့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂) မဲဆန္ဒနယ်မှာ အနိုင်ရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မြေပုံမြို့နယ်တရားရုံးက အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှုစတဲ့ ပုဒ်မ ၂ခုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ၂ လ နီးပါး အကျဉ်းကျပြီးနောက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာစံရွှေအောင်ရဲ့ လူမှုရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ပေးနေတဲ့ မင်းပြားမြို့ခံ အမျိုးသမီးတစ်ဦးကို အဲ့ဒီလူမှုရေးလုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ခြင်းမပြုဖို့ ဦးလှအောင်ညွှန့်က သွားရောက်တားဆီးခဲ့တာကြောင့် အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

ဦးလှအောင်ညွှန့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဒေါက်တာစံရွှေအောင်ကို မဲအရေအတွက်၂ သောင်းကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။